အခြားသူတွေအတွက် ကမ္ဘာ့ဝင်ရိုးစွန်းသည် သူ့အတွက် မဟုတ်တော့။ သူ့ကမ္ဘာသည် YoungJae ကို ဗဟိုပြု၍လည်ပတ်နေသည်။ ကျောင်းမှာ သွားအတူ စားအတူကနေ ကျောင်းပြီးလည်း YoungJae အိမ်အထိလိုက်ပြီး သူတို့စာကျက်ရင်ကျက်သည်။ ဒါမှမဟုတ်လဲ သူ သီချင်းသွင်းသည့်နောက်နှင့် သူ့ ရှိုးပွဲ အသေးစားလေးတွေကို YoungJae ကလိုက်အားပေးသည်။ထိုအချိန်တွင် သူ့ကမ္ဘာမှာ ဂီတသံတစ်ခုဖြစ်နေသည့် ရင်ခုန်သံတွေက အရာအားလုံးကို ဖုံးလွှမ်းနေသည်။ သူ့ဘဝ တစ်လျှောက်လုံးမှာ အသာယာဆုံး အခိုက်တန့်များသည် သူ သီချင်းဆိုနေချိန် ငေးစိုက်ကြည့်နေသည့် YoungJae မျက်လုံးစင်းစင်းလေးတွေကို ပိုင်ဆိုင်ရသည့် ခဏတာများ ဖြစ်နေသည်။ နောက်ဆုံး EungSeung ကိုလဲ သူ သတိမရတော့။
အရာအားလုံး အဆင်ပြေ ချောမွေ့နေတော့ တကယ့် အစစ်အမှန်ကမ္ဘာနှင့် သူ့စိတ်ကူးထဲမှာ ပုံဖော်ထားသည့် ကမ္ဘာကို မခွဲခြားနိုင်တော့။ ဒါကြောင့်လည်း YoungJae ဆိုသည့် စာလုံးတစ်လုံးကို သူ ဘာသာပြန်မှားခဲ့သည်။ တဖက်က ရင်ခုန်သံ စည်းချက်ကို ကြားနေရသည်လို့ သူနားယောင်ခဲ့တာပဲ။
လေပြေတွေကြားထဲမှာ သာယာရင်း သူ့ဘဝအတွက် မုန်တိုင်းကို သူကိုယ်တိုင် ဖန်ဆင်းခဲ့တာဖြစ်သည်။အဲ့ဒီနေ့က မှတ်မှတ်ရရ မိုးတစိမ့်စိမ့်ရွာနေသည်။ သူနှင့် YoungJae အတန်းချိန်အပြီးမှာ ဂစ်တာကြိုးဝယ်ဖို့ ကျောင်းနားက ကုန်တိုက်ကို အသွားအထိ အရာအားလုံးက အဆင်ပြေနေသည်။ ဒီည သူအသစ်ရေးထားသည့် သီချင်းတစ်ပုဒ် YoungJae ကို ဆိုပြမည်။ ဒီသီချင်းကို သူရေးနေတာ သုံးလလောက်ရှိပြီ။ သူ့စိတ်ကြိုက်မဖြစ်သေး။ အခုတော့ သူ စိတ်တိုင်းကျသလိုလိုရှိလာပြီဆိုတော့ ဒီသီချင်းရေးတဲ့အချိန် သူ့စိတ်ကူးထဲက ပုံရိပ်ရဲ့ ပိုင်ရှင် အစစ်အမှန်ကို သူဆိုပြချင်လှပြီ။
ဒါပေမယ့် . . . .
ဒါပေမယ့် ဆိုသည့် စကားသည် အရာအားလုံးကို ပျက်စီးသွားစေခဲ့သည့် အစဖြစ်သည်။
သူနဲ့ YoungJae ဂစ်တာဆိုင်က အထွက်မှာ အနောက်က လူတစ်ယောက်က YoungJae နာမည် လှမ်းခေါ်လိုက်သည်။သူတို့လှည့်ကြည့်တော့ လူလတ်ပိုင်းအရွယ် ခပ်သန့်သန့် လူတစ်ယောက်။ YoungJae က သူ့ကို ခဏလို့ ခွင့်တောင်းပြီး ထိုသူ့ဆီ လျှောက်သွားသည်။ ဘာလို့ သူ့ကို တပါတည်း ခေါ်မသွားလဲ။ ခပ်လှမ်းလှမ်းက ရပ်ကြည့်ရင်း သူ မကျေမချမ်းနဲ့ ဒေါသတွေ ရင်ထဲမှာ အစိုင်အခဲဖွဲ့လာသည်။ ထိုသူ နှင့် YoungJae မျက်နှာချင်းဆိုင် ခပ်ခွာခွာရပ်နေပေမယ့် သူတို့နှစ်ယောက်ကြားက မမြင်နိုင်တဲ့ အား တခုခု ရှိနေသလိုလို။ ဟိုက ဘာတွေ ပြောသည်မသိ YoungJae က ခေါင်းငြိတ် ခေါင်းခါပဲပြန်ဖြေသည်။ မျက်နှာပေါ်မှာ ဝမ်းနည်းဟန်အပြည့်နှင့် ထိုသူကို သူမုန်းသည်။ စကားပြောနေရင်း YoungJae ပုခုံးကို လှမ်းကိုင်ပြီး ဖျစ်ညှစ်လိုက်ချိန်။