နက်ရှိုင်းစွာငြိတွယ်မိသော ..အပိုင်း (၂)

1K 59 0
                                    

နက်ရှိုင်းစွာငြိတွယ်မိသော ..
အပိုင်း (၂)

သူ့ကို အိပ်မက်မက်သောနေ့ညများ သို့မဟုတ် သူ့အကြောင်းနှင့်ပတ်သက်၍ တစ်စုံတစ်ခု ဆိုးဆိုးဝါးဝါး တိုက်ဆိုင်မှုရှိသောအခါများတွင် ကျွန်တော့်အသိစိတ်များသည် ကျွန်တော့်ခန္ဓာနှင့် မမြဲကြတော့ဘဲ တစ်စစီ ပြန်လွင့်ကုန်တတ်သည်။ ထိုနေ့မျိုးတွေမှာ ကျနော့်စိတ်ကို အာရုံလွှဲဖို့ အမျိုးမျိုးကြိုးစားသော်လည်း မရတတ်ပါ။ ရုပ်ရှင်တွေကြည့်လည်း ကြည့်သာကြည့်နေသည်။ ဖန်သားပြင်ပေါ် အရုပ်တွေအရောင်တွေ ပြေးလွှားလှုပ်ရှားနေသည်ဆိုတာထက် ပိုမမြင်နိုင်။ စာတွေဖတ်ဖို့ ကြိုးစားပြန်တော့လည်း စာလုံးဝိုင်းလေးတွေ စာမျက်နှာထက်မှာ ဟိုဒီခုန်ပေါက်နေတာကိုသာ ငူငူငိုင်ငိုင် ထိုင်ကြည့်နေရသလို ဖြစ်နေသည်။

ဒီနေ့လည်း နှစ်နာရီလောက်သာ အိပ်ရသေးပေမယ့် ကျနော် ပြန်အိပ်မရတော့။ အိပ်မပျော်သူတို့၏ဒုက္ခကို အိပ်မပျော်တတ်သူများသာ ကိုယ်ချင်းစာနိုင်မည်ထင်သည်။ တလူးလူးတလှိမ့်လှိမ့်နှင့် ငရဲကြီးရှစ်ထပ်တွင် တစ်ထပ်တိုး၍ အိပ်ရာငရဲခံနေရသည့်အလား ကျနော်ထင်မိသည်။ မတတ်နိုင်သည့်အဆုံး အိပ်ရာထဲကထကာ ကျနော့်သူငယ်ချင်း သံလွင့်ဆီ ဖုန်းခေါ်လိုက်သည်။

"အေး၊ သုခေတ် ပြော"
"သံလွင်၊ မင်း အားလား"
"အားပါတယ်ကွ၊ ငါ့ဆိုင်က ဒီအချိန်လူကျတဲ့အချိန်မှမဟုတ်တာ"
"မင်း ဘာလုပ်ချင်လို့လဲ"
"ငါ.... ငါ သောက်ချင်တယ်ကွာ။ အိမ်မှာဖြစ်ဖြစ်၊ မင်းဆိုင်မှာဖြစ်ဖြစ်"
"အင်း၊ ဒီလိုလုပ်။ ဆိုင်ကိုပဲ လာခဲ့လိုက်ကွာ။ ဒီမှာဆိုတော့ စားစရာလဲ ကြိုက်တာလုပ်ခိုင်းလို့ရတယ်"
"အင်း၊ အဲဒါဆို ငါ ခဏနေ လာခဲ့မယ်ကွာ"
"အေးအေး၊ ငါစောင့်နေမယ်"

ကျနော် သံလွင့်ဆီရောက်တော့ အဆင်သင့်စောင့်နေသော သံလွင့်ကို တွေ့ရသည်။ သံလွင်က အိမ်ပြန်မအိပ်တာမို့ ဆိုင်၏နောက်ဘက်တွင် သီးသန့်ခန်းလေးလုပ်ထားပြီး အဲဒိအခန်းလေးမှာပဲ နေသည်၊ စားသည်။ သံလွင့်အခန်းက ကျနော်တို့သူငယ်ချင်းတွေရဲ့ ဆုံရပ်လည်း ဖြစ်ခဲ့သည်။ သူ ရှိနေတုန်းကတော့ ချွင်းချက်ပေါ့လေ။ သူက ကျွန်တော်ဘီယာသောက်တာ၊ သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလား ညအိပ်ညနေသွားနေတတ်တာကို သိပ်မကြိုက်ပါ။ ဖွင့်မပြောသော်လည်း သူမကြိုက်တာကို ကျနော်သိနေတာမို့ ဆင်ခြင်ဖြစ်ရင်း သံလွင်တို့နဲ့တောင် ခပ်စိမ်းစိမ်းဖြစ်သွားရသည်။ အနည်းငယ်စိတ်နုသော ထွန်းထိုက်ကဆိုလျှင် ကျနော်သူတို့ကို ခွာတုန်းကခွာသွားပြီး သူမရှိတော့မှ ပြန်လာပေါင်းသည်ဆိုသောပုံစံဖြင့် မကြာမကြာ စကားနာထိုးတတ်သည်။

"ဘာလဲ၊ မင်းကိုကြီးနဲ့ ဘာဖြစ်ပြန်ပြီလဲ ငခေတ်"
"မင်းကလဲကွာ၊ ငါ ဘာမှတောင် မပြောရသေးတာကို"
"မင်းမျက်နှာက ဒီလောက်မှိုင်တွေပြီး လွင့်နေတဲ့ရုပ်ဖြစ်နေတာ။ မင်းကို ဒီလောက်ထိ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်လုပ်နိုင်တာ ဒီဘဲကြီးပဲရှိတာကွာ။ ပြော ဘာဖြစ်တာလဲဆိုတာကို"

သံလွင်က ဒီလိုပဲ လူကဲခတ် ကောင်းသည်။ ကျနော့်ကိုလည်း နားလည်သင့်သလောက် နားလည်သည်။ အထူးသဖြင့် မိန်းကလေးတွေကို စိတ်မဝင်စားဘဲ ယောက်ျားလေးချင်းသာ ချစ်တတ်သော ကျွန်တော့် sexual orientation ကို နားလည်ပေးနိုင်သည်။ ကျနော် ဘီယာခွက်ကိုကိုင်တာ မြှင်းပြီးစုပ်လိုက်ရင်း ....

"ထွေထွေထူးထူးတော့ မဟုတ်ပါဘူးကွာ။ ထုံးစံအတိုင်း အိပ်မက်တွေပဲပေါ့။ အိပ်မက်တွေက ငါ့ကို သိပ်နှိပ်စက်တယ်ကွာ။ အိပ်မက်တွေ မြစ်ဖျားခံလာတဲ့ ငါ့စိတ် အတိမ်အနက်ကို ငါကိုယ်တိုင်သိနေတော့ ငါပိုကြောက်မိတယ်"
"........."
"လွန်ခဲ့တဲ့နှစ်တွေကလို စိတ်ဒဏ်ရာမျိုးတွေ ထပ်လာမှာ ငါကြောက်တယ်။ အဲဒီ အမှောင်ထုကြီးထဲကို ငါ ပြန်မသွားချင်ဘူး သံလွင်ရာ။"

ညည်းညည်းညူညူနှင့် ကျွန်တော်ပြောလိုက်တော့ သံလွင်လည်း မှိုင်ကျသွားသည်။ ငယ်ပေါင်းတွေမို့ သံလွင်သည် ကျနော် အများကြီးရှင်းမပြရပါဘဲ ကျနော့်ဘာကိုဆိုလိုချင်သည်ကို သူနားလည်သည်။ ဟုတ်ပါသည်။ ကျနော့်မှာ စိတ်ဒဏ်ရာတွေ ရှိခဲ့သည်။ အဲဒီစိတ်ဒဏ်ရာတွေကြောင့်ပဲ ကျနော်ချစ်သောသူနှင့် စတွေ့ခဲ့တာလည်း ဖြစ်ပါသည်။

ကျနော်တက္ကသိုလ်စတက်ကာစတွင် ကျနော့်မှာ သူငယ်ချင်းမရှိသေး။ ငယ်သူငယ်ချင်းများကလည်း ကျနော်နှင့်ကျောင်းမတူကြ။ ကျနော်ကလည်း introvert type မို့ ပေါင်းသင်းဆက်ဆံရေးက သိပ်မကောင်းလှပါ။ လူတစ်ယောက်နှင့် ခင်မင်ရင်းနှီးသည့်အဆင့်ရောက်ဖို့ကို အချိန်အကြာကြီးယူရတတ်သည်။ ကျောင်းကလူတွေကလည်း သူ့နေရာနှင့်သူ ထိပ်ဆုံးနေရာမှာ နေခဲ့ကြသူချည်းမို့ ကိုယ်က စခေါ်လိုက်ရမှာကို အောက်ကျသည်ထင်ကြသလားမသိပါ။ ကျနော်တစ်ယောက်ထဲ ယောင်ချာချာဖြစ်နေတာ လေးငါးလပင်မက။

အတန်းဖော်သူငယ်ချင်းမရှိသောဘဝသည် တစ်ခါတစ်ရံ အဆင်မပြေမှုလေးများရှိတတ်သည်မှလွဲ၍ အခက်အခဲကြီးကြီးမားမား မရှိခဲ့ပါ။ သူငယ်ချင်းအတုအယောင်တစ်ယောက် ကိုယ့်အနားမှာရှိနေတာဟာ တစ်ကိုယ်တည်းသမားဘဝထက် အများကြီးပိုခြောက်ခြားစရာကောင်းမှန်း ကျနော်သိခဲ့ရချိန်မှာ အချိန်တွေ လွန်နေခဲ့ပါပြီ။

ရိုးသားထက်မြက်သော မြေလတ်သားလေးဟုယူဆကာ သက်ဖြိုးဝေဆိုသော ထိုကောင်လေးကို ကျနော် စိတ်နှစ်ပြီး ပေါင်းခဲ့မိသည်။ ယုံကြည်စိတ်ချခဲ့သည်။ သူ့နှုတ်က လှိုင်လှိုင်ထွက်တတ်သော Liberal ဝါဒ စကားလုံးကြီးကြီးများကို ယုံကြည်ကာ ကျနော်သည် ဟိုမိုတစ်ယောက်ဖြစ်ကြောင်းအထိ အားလုံးဖွင့်ပြောပြခဲ့သည်။ ကျောင်းစတက်ကတည်းက အိမ်မှာမနေဘဲ အဆောင်နေဖြစ်ခဲ့သည်မို့ ကျယ်ဝန်းသောကျနော်တို့အဆောင်မှာ ထိုသူငယ်ချင်းအတွက်ပါ တစ်ခန်းယူပေးခဲ့သည်။

မုန်တိုင်းများသည် ဒုတိယအစမ်းစာမေးပွဲပြီးချိန်တွင် စတင်တိုက်ခတ်ပါတော့သည်။ အပေါင်းအသင်းလည်းနည်း၊ ထွေထွေထူးထူးလည်း လုပ်စရာမရှိသောကျွန်တော်က စာပုံမှန်ဖတ်ဖြစ်သောကြောင့် စာမေးပွဲတွင်လည်း အမှတ်ကောင်းလေသည်။ အောင်စာရင်းထွက်ပြီးသည့်ညက သက်ဖြိုးကို ရုပ်ရှင်ကြည့်ဖို့ ကျနော်သွားခေါ်တော့ လာမယ်ပြောသော်လည်း သူမလာခဲ့။ နောက်တစ်နေ့မနက်ရောက်တော့ အဆောင်က တခြားသူတွေကိုကြည့်ရတာ တစ်မျိုးဖြစ်နေသည်ဟု ကျနော်ထင်မိသည်။ နဂိုကတည်းက သိပ်ဖက်လှဲတကင်းရှိလှတာမဟုတ်ပေမယ့် မေးထူးခေါ်ပြောလောက်တော့ ရှိတာသို့ ကျနော့်ကို မျက်လုံးစိမ်းဖြင့် ကြည့်မည့်သူမရှိခဲ့။ ထိုနေ့မနက်ကတော့ တစ်ခုခုထူးဆန်းနေသည်ဟု ကျနော်ထင်မိသည်။

"ဘာတွေများ ဖြစ်နေကြပါလိမ့်"

-ဆက်ရန်

....

နက်ရှိုင်းစွာငြိတွယ်မိသောWhere stories live. Discover now