Unicode
အေးမြသော ဆောင်းလေအေးလေးက ကျနော့်ပါးကိုကျီစယ်လျက် နဖူးပေါ်ဝဲကျနေသော ညိုဖျော့ဖျော့ဆံနွယ်တို့အားဖယ်ရှားပေးနေသည်
အပူအပင်ကင်းမဲ့စွာတိုက်ခတ်နေသော ဆောင်းလေအေးလေးသည် ချုပ်နှောင်ခြင်းတို့ကင်းမဲ့စွာ
ငြိမ့်ညောင်းစွာ ဝေ့ဝဲပျံသန်းနေလျက်...
အေးမြသော နှင်းရနံ့
နူးညံ့သော နှင်းဖြူဥလေး၏အထိအတွေ့
ထိုအားလုံးကို ကျနော်နှစ်သက်သည်
လူအများ၏ နှစ်ခြိုက်မှုနှင့်ဆန့်ကျင်စွာ ကျွန်တော် ဆောင်းရာသီကိုသဘောကျမိသည်
ဖြူစင်ခြင်းကို နှစ်သက်သည်
အဖြူရောင်-ဖြူစင်ခြင်းသဘောကိုဆောင်သည်
အရောင်အသွေးစုံလင်လှေသော သက်တံ့ထက် သူ၏ဘေးတွင် ခြံရံထားသော ဖြူနုနု တိမ်စိုင်လေးများကို ပို၍နှစ်သက်သည်
ထို့အတူ ထိုတိမ်တိုက်လေးများမှ ကြွေကျလာသော နှင်းဖြူဥလေးများကို သဘောကျမိသည်
အမည်းတစက်မှ မရောနှောသော နှင်းပွင့်ဖက်လေးများကို
လမ်းမထက်တွင်တွေ့ရလျှင် အလွန်ပျော်သည်
မြင့်မြင့်မားမား ထင်းရှူးပင်တို့အား နှင်းကလေးများက လွှမ်းခြုံထားကြသည်
ဓာတ်ပုံရိုက်ခြင်းကို ဝါသနာပါသည့်ကျနော် ထိုမြင်ကွင်းလေးအား ဓာတ်ပုံရိုက်ပြီးလောက်ပြီထင်ထိုမျှ ဖြူစင်သောနှင်းများကလွှမ်းခြုံထားသော်လည်း
လောဘရမ္မက်ငွေ့များမပြယ်မပျောက်သေးသော ဤလောကကြီးအားကြည့်ရင်း သက်ပြင်းချမိလိုက်သည်"may be I I can never fly~"
အနွေးထည်အိတ်ကပ်ထဲမှ ဖုန်းမြည်သံကြောင့်
တွေးလက်စအတွေးလေးတို့ လေထဲ၌ကွယ်ပျောက်သွားရပြီ
ဖုန်းscreenအထက် ကြည့်မိတော့ ကျနော်ပြုံးမိသည်
ရိုးသားသော မဲ့ပြုံးတခုသာ...ဥက္ကဌကြီး
ဖုန်းနံဘေးရှိ ခလုတ်လေးအားအတန်ကြာဖိချလိုက်တော့
အမှောင်ထုထဲရောက်ရှိသွားသောဖုန်းလေးအား အားတော့နာမိသည် သို့သော်လည်း
ဒီခရီးလေးကိုတော့ လွတ်လွတ်လပ်လပ်သွားချင်သည်
ချုပ်နှောင်မှုကင်းမဲ့သောအရသာကား ချိုမြိန်လှသောကြောင့်ထင်မိ
ခုချိန်လောက်ဆိုဥက္ကဌကြီးလည်းပေါက်ကွဲနေရောပေါ့
စိတ်ချပါ ခင်များလက်ထဲက ကျနော်ထွက်သွားမှာမဟုတ်ဘူး
ထွက်သွားချင်လို့လည်း မရဘူးမဟုတ်လား...