Dad ~♡ INTRO

1K 111 78
                                    

"ကောင်းကောင်းသွားပါ .. အဖေ။"

ဦးညွတ်လိုက်သည့် အရှေ့မှန်ဘောင်လေးထဲတွင် ထားရှိသော ဓာတ်ပုံမှတစ်ဆင့် အဖေ့အပြုံးများကို မြင်နေရသည် ။ အဖေ့မှန်ဘောင်နှင့် ကပ်လျက်တွင် အမေ့မှန်ဘောင်လေး ရှိသည် ။ သည်ကနေ့တွင် အဖေ့ရုပ်အလောင်းကို မီးသင်္ဂြုလ်ပြီးစီးခဲ့ပြီ ။ အမေနှင့်အဖေ နှစ်ဦးစလုံးကို နောက်ဆုံးအကြိမ်အဖြစ် ဦးညွတ်နှုတ်ဆက်လိုက်ကာ သေဆုံးသူ အမှတ်တရ အဆောက်အအုံ အတွင်းမှ ထွက်လာခဲ့သည် ။

(၂၈) ဆိုသည့် အသက်အရွယ်တွင် ကမ္ဘာကျော် ဆေးသိပ္ပံပညာရှင် ဖြစ်နေသည့် ကျွန်တော်သည် (၂၃)ရာစုတွင် အထင်ရှားဆုံး ဖြစ်သည်ဟု ဆိုရပေမည် ။ ကျွန်တော့်ကို အားကိုးအားထားပြုကာ ဆေးဝါးအသစ်များ ရှာဖွေထုတ်လုပ်ချင်သူ၊ ဆေးဘက်ဆိုင်ရာ နည်းပညာသစ်များကို တီထွင်လိုသူ စသည့် စသည့် ဆေးသုတေသနနှင့် နည်းပညာဆိုင်ရာ ကုမ္ပဏီများက ကမ္ဘာ့နေရာအနှံ့အပြားတွင် လက်ညိုးထိုးမလွဲ ရှိနေကြသည်ပင် ။

ခေတ်ကာလသည် တဟုန်ထိုး တိုးတက်နေသည့်အလျောက် ခေတ်ကိုအမီလိုက်နေစသော လူသားတို့၏ နှလုံးသားအာဟာရသည် နေ့စဉ်လုံးပန်းနေရသော ပူပန်မှုများကြားတွင် ညိုးလျော်ပျက်သုဉ်းလာရသည် ။ အထီးကျန်မှုဟုသည့် ခေါင်းစဉ်ကိုကိုင်စွဲကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သူတွေက မွေးရပ်မြေ တောင်ကိုရီးယားနိုင်ငံ၌ပင် ထောင်နှင့်ချီနေသည်မှာ နေ့စဉ်မပြတ် ။ သေဆုံးသူဦးရေနှင့် သိသာစွာ ပြောင်းပြန်အချိုးကျနေသည်က မွေးဖွားသူဦးရေ ။

'အလုပ်ရှုပ်မခံနိုင်' ဟူသော စကားတစ်ခွန်း၏ နောက်ကွယ်၌ လူ့လောကထဲ ဝင်ခွင့်မရသော အသက်ပေါင်းများစွာက တစ်ဆထက် တစ်ဆပိုမို တိုးပွားလာလေရဲ့ ။ ဤသို့သော ကာလမျိုး၌ သံယောဇဉ်ဟူသော အရာသည်ပင် ဖန်တီးရောင်းချစရာ ဖြစ်လာနိုင်ရဲ့ဟု တစ်ခါတစ်ရံတွင် စိတ်အချဉ်ပေါက်ပေါက်နှင့် တွေးမိပါသေးသည် ။

အကြောင်းမူကား ... လူတို့၏ အထီးကျန်မှုကို လျော့ချ၍ လူဦးရေ သိသိသာသာ လျော့ကျသွားမှုတို့ကို ကာကွယ်နိုင်ရန် 'ဥမှပေါက်သည့်ကလေး' ကို Eggnoid နှင့်လက်တွဲကာ ကျွန်တော် အကောင်အထည် ဖော်နေသည်ပင် မဟုတ်ပါလော ။ ဤတီထွင်မှုကြောင့် သားသမီးကိုယ်ဝန်ဆောင်ရန် လက်ရွံ့ကြသူများ၊ ကလေးငယ်၏ ကြီးထွားဖွံ့ဖြိုးနှုန်းများအတွက် အချိန်သေချာ မပေးနိုင်သဖြင့် ကလေးမမွေးလိုကြသူများအတွက် လွန်စွာအဆင်ပြေလောက်ပါရဲ့ ။

Dad!Where stories live. Discover now