အပိုင်း (၁)- အချစ်လို့ခေါ်သလား။
ရှာပုံတော်တစ်ခု ဖွင့်လိုက်တော့
ပျောက်ဆုံးနေတဲ့ နှလုံးသားဟာ...
သက်တံတစ်စင်းပေါ်မှာ...ကခုန်နေလေရဲ့။
...........ဒီနှစ်ပိုင်း ကျွန်မ၏ မှတ်ညဏ်တွေသည် အချိန်တစ်ခုဆီ ထပ်တလဲလဲ ပြန်သွားကာ ရပ်တန့်နေတော့သည်။ "အကို"ဟု ကျွန်မရဲ့နေ့စဉ်မှတ်တမ်းတွေထဲမှာ တမြတ်တနိုး ခေါ်ခဲ့ရသော သက်တံလေးအကြောင်း...လူတစ်ယောက်ကို ချစ်မိတဲ့နောက် ရရှိလာမယ့် အကျိုးဆက်တွေကို ပထမဦးဆုံး မိတ်ဆက်ပေးခဲ့သော၊ ကျွန်မချစ်သော သက်တံလေးအကြောင်း...
2008-May
ခေါင်မိုးသွပ်ပြားပေါ် တပေါက်ပေါက်ကျနေတဲ့ မိုးစက်ရဲ့အသံတွေ၊ ထိုမိုးစက်တွေဟာ စုပေါင်းပြီး တံစက်မြိတ်ကနေ မိုးရေအဖြစ် လျှောဆင်းကျလာပြီး ခင်းထားတဲ့ အင်္ဂတေကြမ်းပြင်ပေါ်အရောက် သံစုံတီးဝိုင်းကြီးတစ်ခုလို ဆူညံသွားတော့သည်။ မိုးရေထိလို့ စိမ်းစိုနေတဲ့ ပုဏ္ဏရိပ်ပင်က သစ်ရွက်တွေရယ်၊ ပွင့်နေတဲ့ ပန်းအနီရောင်အဆုပ်လိုက်အစုလိုက်လေးတွေရယ်၊ စာသင်ဆောင်ရှေ့ ဝရန်တာလက်တန်းလေး မိုးရေစင်လို့ ဆိုရွဲနေတာကအစ၊ စာသင်ဆောင်ရဲ့ ရှေ့တည့်တည့်က ရေကန်ကြီးရဲ့ ကခုန်မှုအဆုံး၊ လှပသော မိုးရာသီပန်းချီကားတစ်ချပ်ကို နှစ်လိုစွာခံစားနေရင်း... ရှဉ့်တစ်ကောင် မီးကြိုးကိုဖြတ်ပြေးသွားတာ မြင်လိုက်ရတော့ မီးပျက်ရတာ နင့်ကြောင့်ဆိုပြီး ငယ်ငယ် မဆီမဆိုင်နဲ့ လှမ်းအပြစ်တင်လိုက်သေးရဲ့။
"လာပြီရှင့်..."
အဆောင်က ထမင်းချက်ဒေါ်အေးရဲ့ အော်သံကြားတော့ စာရေးခုံကို ပျင်းတွဲစွာမှီနေသည့် ငယ်ငယ်မှာ ကိုယ်လေးမတ်သွားကာ အပြင်ဘက်ဆီနားစွင့်လိုက်၏။ မိုးအေးသည့်ကြားမှ စာသင်ဆောင်ဆီ မရောက်ချင်ဘဲရောက်နေရတဲ့ ငယ်ငယ်ကတော့ အခုချိန် အပြင်ကဘာနေနေ စိတ်ဝင်စားနေမိတာ မဆန်းပါ။ အဆောင်ခြံဝင်းထဲ ကားဝင်လာသည့်အသံ၊ ထို့နောက် ကားတံခါးပိတ်သံတွေ။ ငယ်ငယ်အပြင်ထွက်ပြီး စပ်စုကြည့်ဖို့ ဘယ်လိုအကြောင်းရှာရမလဲ တန်းတွေးလိုက်မိသည်။
BẠN ĐANG ĐỌC
သက်တံ နှင့် ကြေကွဲခြင်း
Truyện Ngắnသက်တံတစ်စင်းပေါ် ကခုန်ခြင်းမှ ရရှိခဲ့သော...ကြေကွဲခြင်းများအကြောင်း -nyome-