အကို

21.5K 661 35
                                    

~ အကို ~

∆ ၂၀၀၆ ခုနှစ် ∆

ကျွန်မအသက် ၈နှစ် …။
ဘုရားဖူးသွားတဲ့ အဘိုးနဲ့ အဘွားကို လိုက်ပို့ဖို့ ရန်ကုန်ဆိုတဲ့ မြို့ကြီးကို ပထမဆုံးခြေချဖြစ်တယ် …။ ရေပြောင်းမြေပြောင်းတာနဲ့ ချူချာတတ်တဲ့ ကျွန်မကို အဲ့ဒီခရီးစဉ်မတိုင်ခင်အထိ အဖေနဲ့အမေက ဘယ်မှ ခေါ်သွားတာမျိုးမရှိဘူး ။ နယ်မြို့လေးမှာ ကျွန်မနေပေမယ့် အဖိုးအဖွားက ကျေးတောရွာလေးက ။ ခင်မင်တတ်တဲ့ တောသူတောင်သားတွေဟာ မြို့ကြီးရောက်သွားတဲ့အခါ သူတို့ရွာက ဘယ်သူမဆို သူတို့မြို့ကိုရောက်တိုင်း သူတို့အိမ်မှာ တည်းခိုဖို့ပေးနေလေ့ရှိတယ် ။ ဒီလိုနဲ့ အဘိုးအဘွားတို့ရဲ့ မိတ်ဆွေအိမ်မှာ ကျွန်မတို့တည်းဖြစ်ခဲ့တယ် ။ တသီးတသန့်ဆန်ပြီး ငယ်စဉ်ထဲက လူတွေနဲ့ ထိရမှာ ရွံတဲ့ ၊ လူများရင် လူငွေ့နဲ့ မူးတတ်တဲ့ ကျွန်မဟာ မိတ်ဆွေအပေါင်းသင်းလဲမထားဘူး ။ တစ်ဖက်သား လာခင်ရင်တောင် ဂျေး(ဂျီး)များတဲ့ ကျွန်မဟာ လူသားတစ်ယောက်ကို ပထမဆုံးအနေနဲ့ ခင်မင်ချင်ခဲ့မိတယ် ။

အကို ~
"ကိုကို" လို့ခေါ်ဖို့ ဘယ်လောက်သင်သင် ကျွန်မသူ့ကိုအကိုလို့ခေါ်ဖြစ်ပြီး ကျွန်မကိုယ် ကျွန်မ "ညီမလေး"လို့သုံးနှုန်းခဲ့တယ် ။ အကိုက ပဲသိပ်များတဲ့ ခုနှစ်တန်းကျောင်းသား … ကျွန်မထက် ၄နှစ်ကျော်ကျော် အသက်ကြီးတယ် ။ ဆီပြောင်နေအောင် လိမ်းထားတဲ့ အကို့ဆံပင်တွေက သပ်ရပ်တယ် ။ လမ်းထိပ်က အနဲဆိုင်မှာ စက်ကတ်ကြေးထိုးနေကျ ကျွန်မဆံပင်တွေဟာ တိုကပ်ကပ် ခပ်ကောက်ကောက်။ ဝလုံးလုံး အသားညိုညိုနဲ့ အငိုသန်တဲ့ ကျွန်မဟာ ချစ်စရာမကောင်းဘူးတူပါရဲ့ ။ အကို့ကို ခေါ်ဖို့လုပ်တိုင်း အကိုက ထွက်ပြေးတတ်ပြီး ထောင့်(ဒောင့်) တစ်ထောင့်(ဒေါင့်)က အကို့ကိုခိုးကြည့်တိုင်းမှာ မျက်နှာမဲ့ပြတတ်တယ် ။

ဒါပေမယ့် အကို့ကို ညီမလေးက သိပ်ခင်တာဘဲ …

∆ ၂၀၁၂ ∆

ကျွန်မအသက် ၁၄နှစ် …။
ဒီနှစ်ပိုင်းတွေမှာ ကျွန်မရန်ကုန်မရောက်ဖြစ်ဘူး ။ အကိုကတော့ မိသားစုနဲ့ တစ်နှစ်တစ်ခါနီးပါး ရက်တိုလာလည်လေ့ရှိတယ် ။ အကို့အရပ်တွေမြင့်လာတယ် ။ နှစ်ဖက်ထိလုလု မျက်ခုံးနက်တွေနဲ့ အကိုက သိပ်ကြည့်ကောင်းတယ် အရင်လို style pantsနဲ့အကိုက ပုဆိုးကို polo shirt နဲ့တွဲပြီး စွဲစွဲမြဲမြဲဝတ်တယ် ။ ခြေမျက်စိအပေါ်ကို ပုဆိုးဝတ်ထားတဲ့ အခါတိုင်း အကို့ခြေချောင်းဖွေးဖွေးလေးတွေကို ကျွန်မအသည်းယားမိတယ် ။  အကို့အသံက ငယ်ငယ်ကလို မပီတပီ တိုးလျလျမဟုတ်တော့တဲ့ ခပ်သြရှရှလေး ။ ပီကေကို တဖြောက်ဖြောက်ဝါးတဲ့ အကိုက သိပ်အထှာကျတယ် ။ ပထမဆုံးနဲ့ နောက်ဆုံးအဖြစ် အကို့ဆီက ရဖူးတဲ့လက်ဆောင်က ပီကေတောင့်လေးဖြစ်ခဲ့တယ်။ Big Bag သီချင်းတွေကိုသူနှစ်သက်တယ် ။ အော်နေတဲ့သီချင်းတွေကို ကျွန်မမကြိုက်ဘူး ဒါပေမယ့် အကိုကြိုက်တဲ့ သီချင်းတွေကိုကြိုက်တယ် ။ ချစ်သုဝေက သူအကြိုက်ဆုံးမင်းသမီး။ ကလေးလေးကိုကောင်မလေးတွေက သူ့အကြိုက်ထင်ပါရဲ့ ။ ခရမ်းသီးစားရတာကို အကိုမနှစ်သက်မှန်း သိတဲ့နေ့ကတည်းက ကျွန်မ အကြိုက်ဆုံး ခရမ်းသီးဟင်းကို မလှည့်ကြည့်ဖြစ်တော့ဘူး ။

အကို ... (Completed )Where stories live. Discover now