အကို (untitled)

3.7K 238 7
                                    

ကားမူးပြီးအန်တတ်တဲ့အကျင့်ကြောင့် ခရီးမထွက်ခင်နဲ့ ခရီးစဉ်တစ်လျှောက်မှာ အစာမစားဘဲ နေဖြစ်တတ်တယ်။ Expressမဟုတ်ဘဲ အိမ်စီးကားနဲ့တောင် ကားမူးတဲ့အကျင့်က ပျောက်မသွားခဲ့ဘူး။ ဒါဟာမွေးရာပါအကျင့်တစ်ခုလိုဖြစ်နေခဲ့တယ်။အဲ့ဒီနေ့က ရန်ကုန်ရောက်တော့ ညမှောင်နေပြီ ။ ထုံးစံအတိုင်း နေ့လယ်လောက် မော်လမြိုင်ကခရီးနှင် မိုင်တိုင်တွေကျော်ဖြတ်ရင်း အမေ့ပေါင်ကိုခေါင်းအုံးလုပ်ရင်း ရန်ကုန်ကိုမိုးချုပ်မှရောက်ဖြစ်သည်ပေါ့ ။ အစာမဝင်ဘဲ ရေချည်းသောက်ပြီး သောက်တဲ့ရေကိုတလမ်းလုံး အန်ခဲ့တော့ လူကနုံးချိနေပြီ ။ နဂိုထဲကအချွဲ နက္ခတ်နဲ့မွေးတဲ့ကောင်..... နေမကောင်းလေးများဖြစ်ရင် မျက်ရည်ဆိုတာ ဖောဖောသီသီကို လျှံကျလို့ ။ အလိုလိုက်ခံရင်းကြီးပြင်းလာရတော့ ပြောတဲ့အတိုင်းမဖြစ်တာမျိုးဆို စိတ်အလိုမကျမှုက ထိပ်ဆုံးကိုရောက်ရောက်သွားတတ်ပါသေးတယ်။ အိမ်ပေါက်ဝမှာ ထွက်ကြိုနေတဲ့သူတွေထဲ အကိုမပါခဲ့ဘူး ။ အစာအတင်းကျွေးလို့ အလိုမကျနေတဲ့စိတ်ရယ် အန်ထားလို့နုံးချိနေတဲ့ခန္ဓာရယ် ရန်ကုန်လာတိုင်း ဒီလိုဖြစ်တတ်တာကိုသိလျက် စောင့်ကြိုမနေခဲ့တဲ့အကိုရယ်ကြောင့် လူကြားထဲ အစ်ကို့အစ်မကိုမှီပြီး ခေါင်းမူးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အင့်ခနဲငိုချပစ်လိုက်တယ်။ အကို့အိမ်အကူအဒေါ်ကြီး နေမကောင်းလို့ ဆေးခန်းသွားပြတာလိုက်ပို့နေရတယ်ဆိုတဲ့ အကို့အမေရဲ့စကားဟာ အကို့မှာ ညီမလေးထက်အရေးပါတဲ့သူရှိနေပြီလို့ ထပ်ခါထပ်ခါပဲ့တင်ထပ်တယ်။ ဘာမှနားမလည်သေးတဲ့ ၉တန်းကျောင်းသူဘဝမှာတောင် ဒီလိုအသေးဖွဲလေးဟာ စိတ်ဒုက္ခဖြစ်စေတယ် ။ ဒါပေမယ့် ဒုတိယနှစ်ကျောင်းသူဘဝမှာ အကိုဟာ လက်ထပ်စာချုပ်လေးပေါ်လက်မှတ်ထိုးပြီး အကို့ဘဝရဲ့အရေးပါမှုကိုဖော်ပြသွားခဲ့တယ် …

ဧည့်ခန်းဆက်တီပေါ်မှာခွေခေါက်နေတဲ့ ကိုယ့်ဆီ စိုးရိမ်တကြီးပြေးလာတဲ့အကို ။ ကိုယ့်နဖူးပေါ်လက်တင်ပြီး အဖျားစမ်းတဲ့ တစ်ခဏ စက္ကန့်ပိုင်းလေးဟာ ပျောက်ဆုံးနေတဲ့ကမ္ဘာကြီးကို ကိုယ်ပြန်ပိုင်လိုက်ရသလိုဘဲ ။ "ရော့ ပီကေလေးဝါး အန်ချင်တာသက်သာတယ်" ဆိုပြီး ပါးစပ်ထဲအကိုအတင်းခွံခဲ့တဲ့ပီကေလေးဟာ anti bioticတွေထက် ပိုပြီးထိရောက်မှုရှိတယ် ။ အင်္ကျီလဲပြီးပြန်လာမယ်ဆိုပြီးအကိုထွက်သွားတော့ စားပွဲပေါ်က ပီကေအခွံလေးကို ခပ်တည်တည်နဲ့ကောက်သိမ်းထားလိုက်တယ် ။ ကာလတစ်ခုမှာ ပီကေအခွံလေးဟာ အနာကပ်ပလာစတာလေးဖြစ်သွားတာ အကိုမသိဘူး ။ နှလုံးသားကသွေးယိုတိုင်း သူ့ကိုထုတ်ထုတ်ကပ်ရ ပြေးပြေးကြည့်ရ ။ ပီကေအခွံအတွင်းပိုင်းကဖယောင်းကို ပေတံနဲ့သေချာခြစ်ပြီး အကို့နမည်ရေးထားခဲ့တာကိုလည်း အကိုဘယ်တော့မှမသိနိုင်တော့ပါဘူး ။ တကယ်ကိုဘယ်တော့မှ မသိစေရဘူး …။

"သမီးအကို ကိုယ်တိုင်လုပ်ထားတာ စားလိုက်နော် နည်းနည်းအစာဝင်ရင် နေသာသွားမယ်"တဲ့ အကို့အမေရဲ့ နွေးထွေးမှုကို လက်ခံဖို့ ကိုယ်ဟာကြိုးစားခဲ့တယ် ။ "စားလို့မရဘူး အဲ့ဒါအကိုလေးလုပ်ထားတာ" ဆိုတဲ့ မီးဖိုချောင်(ဂျောင်)ထဲက အစ်ကိုနဲ့အရွယ်မတိမ်းမယိမ်းအမကြီးရဲ့ စကားမှာ ပူတင်းနွေးဟာ လည်ပင်းနင်ခဲ့တယ် ။ မစားတော့ဘဲ ထထွက်သွားတော့ အဝတ်လဲပြီးဆင်းလာတဲ့ အကို့ရဲ့ "အစာကိုကုန်အောင်မစားတာမကြိုက်ဘူးနော်" ဆိုတဲ့စကားမှာ ရင်ပြည့်နေတဲ့ကြားက ပူတင်းတစ်ပန်းကန်ကို ကုန်အောင်စားပစ်ခဲ့တယ် ။ ပူတင်းအကုန်စားပြီးနောက် ထိုးအန်တဲ့ကိုယ့်ကို အကိုက အားမလိုအားမရကြည့်ရင်း (ဒါဟာ စိတ်ပျက်တဲ့အကြည့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ် ) "ဘာလို့ဒီလောက်တုံးရတာလဲ" တဲ့ …။ အကိုမသိပါဘူး… သူနဲ့ပတ်သက်ရင်အမြဲတုံးတဲ့ကောင်မလေးဟာ ညီမလေးဖြစ်ကြောင်း ။ အကိုစေရင် တသွေမတိမ်းနာခံတတ်တဲ့ ခေါင်းလှုပ်ရုပ်ကလေးဟာ ညီမလေးဖြစ်ကြောင်းကိုပေါ့ ။ အမြင်မကြည်သလိုကြည့်တဲ့အစ်မကြီးရယ် အဲ့အစ်မကြီးကိုပြုံးကြည့်နေတဲ့အကို့မျက်ဝန်းညိုတွေရယ် ဒါတွေဟာ ညီမလေးနားမလည်တဲ့ဘာသာရပ်တွေဖြစ်ခဲ့တယ်။ အဲ့ဒီအကြည့်တွေမှာ အကိုတို့ချင်းနားလည်မှုတွေကတော့ ပျော်ဝင်လျက်ပါဘဲ…။ ဘာသာပြန်ရခက်ခဲ့တဲ့ အဲ့ဒီအကြည့်တွေဟာ နောင်၅နှစ်အကြာမှာ ညီမလေးဆီကို ဖိတ်စာကြည်ပြာလေးအဖြစ်ပုံပြောင်းပြီး ရောက်လာခဲ့ပြန်တယ် … အတိတ်က အရာရာစပ်စုချင်တဲ့ကောင်မလေးဟာ ဒီတစ်ခါမှာတော့ ဘာကိုမှနားလည်ချင်စိတ်တွေမရှိတော့ပါဘူး …။

∆'

#zam

အကို ... (Completed )Where stories live. Discover now