ကျွန်တော်တို့ရဲ့ပထမဆုံးအကြိမ်ဆုံတွေ့ရခြင်းက
အင်မတန်မှဆန်းကြယ်လွန်းလှတယ်...။ကျွန်တော့်ရှေ့မှာညီညာစွာစီတန်းနေကြတဲ့ လူတန်းရှည်ကြီး...။ သူတို့အားလုံးရဲ့မျက်နှာက ပကတိတည်ကြည်နေကြတယ်...။
သေချာတာကတော့ ကျွန်တော်တို့အားလုံးဟာ စောင့်စားရခြင်းကြောင့် ပူပင်သောကဖြစ်မှု ညောင်းညာကိုက်ခဲမှုတွေ မရှိကြပါ...။ ထို့အတူပင် ပူခြင်း အေးခြင်း ပင်ပန်းခြင်း မောဟိုက်ခြင်း စတဲ့ အာရုံခံစားမှုတွေပါ မရှိကြ...။ ပိုပြီးရှင်းအောင်ပြောရရင် ကျွန်တော်တို့အားလုံးက သေဆုံးပြီးသား လူသားတွေပါ...။
"Oh Sehun... အသက် 23နှစ်"
အလှည့်ကျပြီမို့ ခန်းမထဲက နာမည်ခေါ်သံကြောင့် ကျွန်တော်ရှေ့သို့တိုးကပ်သွားလိုက်တယ်...။ ယမမင်းဆိုတဲ့လူကြီးက ကျွန်တော်အရင်ကထင်ထားသလို ကြောက်စရာကောင်းမနေပဲ အရှိန်အဝါတမျိုးနဲ့ တောက်ပနေလေတယ်...။ သူ့မျက်နှာထားကတော့ တည်တင်းလွန်းလှပါတယ်...။
"မင်းက သေနေ့မစေ့သေးဘူးပဲ"
ကျွန်တော်လှိုက်ခနဲဝမ်းသာမိသလို ဖြစ်သွားပြီးမှ ပြန်ငြိမ်ကျသွားပြန်တယ်...။ ဟုတ်တယ်လေ ကျွန်တော့်မှာ သံယောဇဉ်တွယ်စရာဆိုလို့ ဘာမှမရှိဘူးပဲ...။ မိဘမဲ့တကောင်ကြွက်ဖြစ်တဲ့ကျွန်တော် သေဆုံးရခြင်းက မတော်တဆယာဉ်တိုက်မှုတခုကြောင့်ပါ...။
"မင်းကိုငါတို့ပြန်လွှတ်ပေးမယ်.. ဒါပေမယ့် မင်းလူသားတယောက်ကို သေကြောင်းကြံစည်မှုကနေ ကယ်တင်ပေးရမယ်... သူ့ကိုကယ်တင်ပြီးတာနဲ့ မင်းရဲ့ဝိညာဉ်ကို မင်းရဲ့ခန္ဓာကိုယ်ထဲ ပြန်ထည့်ပေးမယ်"
"ကျွန်တော့်ခန္ဓာကိုယ်က အဲ့အချိန်ထိရှိဦးမှာမို့လို့လား...??"
နားထောင်နေရုံသပ်သပ်ကနေ ပထမဆုံးအကြိမ် ကျွန်တော်မေးခွန်းထုတ်လိုက်တယ်...။ ယမမင်းကဘာမှမပြောပဲ သူ့လက်တဖက်ကိုဝှေ့ယမ်းလိုက်ရာ အခိုးအငွေ့တချို့ကြားကနေ ခပ်ရေးရေးပုံရိပ်တချို့ပေါ်လာတယ်...။
ဆေးရုံကုတင်ပေါ်မှာ လှဲလျောင်းနေတဲ့ကျွန်တော်...။
အောက်ဆီဂျင်ပိုက်ကိုလဲ နှာခေါင်းဝမှာတပ်ထားသလို လက်တွေထဲမှာလဲ ဆေးသွင်းထားသေးတယ်...။ ဒါဆိုတကယ်ပဲ ကျွန်တော်မသေသေးပဲ မျောနေတာပေါ့...။