နေရောင်အပြည့်အဝရရှိနေသော နေခင်းပင်ဖြစ်နေသော်လည်း အတော်ပင်မြင့်မားသော အဆောက်အဦးတို့ကြားတွင်တော့ နေတစ်ပြောက်ပင်မရှိ အမှောင်ထုသာ စိုးမိုးထားသည်။ ထိုစဉ် ကြောင်တစ်ကောင်၏ စူးဝါးစွာအော်လိုက်သော အသံမှာ ထိုလမ်းကျင်းလေးထဲ ဖုံးလွှမ်းသွားပြီး သတ္တဝါတစ်ကောင်ဆီမှ တဂီးဂီးအော်မြည်သံမှာတော့ ကြောင်လေး၏ အသံအောက်ဖုံးလွှမ်းနေခဲ့ပေသည်။
သွေးများက တာမှလွှတ်သောရေသဖွယ် စီးကျရင်း အသက်ပျောက်သွားသော ကြောင်ငယ်လေးအား လွှတ်ချကာ ပါးစပ်တွင် သွေးများပေရေနေသော လူတစ်ယောက်မှာ အကြောဆွဲနေသူတစ်ဦးလို တစ်လှမ်းချင်း လျှောက်လှမ်းလာလေသည်။
မျက်လုံးမမြင်ရသူလို မြင်သမျှဝင်တိုက်ရင်း အသံတွေဆူညံနေသော နေရာသို့ ဆာလောင်နေသူတစ်ဦးကဲ့သို့ တစ်ဟုန်ထိုးပြေးလွှားလာသော ထိုလူမှာ ထိုလမ်းကြားထဲမှ ထွက်လာသည်နှင့် မြင်သမျှ သက်ရှိအရာတို့အား ကိုက်ဖျက်စားသုံးရင်း............
လူတို့၏ အံ့သြကြောက်ရွံမှုများ ဖုံးလွှမ်းနေသော အသံများနှင့် ကိုယ်လွတ်ရုန်းပြေးလွှားနေဟန်တို့မှာ မြို့တွင်း ဖရိုဖရဲ ဖြစ်လျက်........
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
လေတစ်ချက်အဝေ့တွင်တွင် အသည်းစိမ့်အောင်အေးလှသောဆောင်းရာသီ၏ဒဏ်ကို အလူးအလဲ ခံနေရသော လူထုတို့မှာ
ထိုရက်စက်လှသောဆောင်းရာသီအား အမြန်ကုန်ဆုံး၍
သာယာပြီး နှစ်လိုဖွယ်ကောင်းသော နွေဦးကိုသာမျှော်လင့်နေသော အချိန်ဖြစ်သည်။အချိန်ကား ညနေစောင်းကာစဆိုပေမဲ့
ထူထပ်သောနှင်းများကို အံတုနိုင်သူမရှိတာကြောင့်
လမ်းသွားလမ်းလာ လူသူများပင်မြင်တွေ့ရန်ခက်ခဲလှသည်။
ထိသို့အစွမ်းကုန်အေးခဲပေးနေသောဆောင်းနှောင်းဥတုကို အံတုကာအခန်းအပူချိန်ရှိသလောက်လေးဖြင့်သာ
ကြိုးပမ်း၍လေ့လာမှုကိုသာ အားတက်သရောလုပ်ဆောင်နေသော professor နှစ်ဦးမှာ အခန်းအတွင်း၌ချွေးပင်စို့နေပြီဖြစ်သည်။