၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၊ ၁၁ ရက်။BaekHyun ကုတင်ပေါ် ငုတ်တုတ်လေး ထိုင်ရင်း မျက်နှာချင်းဆိုင် နံရံပေါ် ချိတ်ဆွဲထားသည့် ပန်းချီကားချပ်လေးကို ငိုင်ကြည့်နေသည်။
ပြာလွင်သော ရေများ စီးကျနေရာ ရေတံခွန်ငယ်..၊
ရေတံခွန်ကစီးကျသည့် ရေအိုင်ပတ်လည်တွင် အစုလိုက်ပေါက်ရောက်နေသော ရောင်စုံပန်းများ၊
ကြည်လင်လှပနေသော မိုးသားကောင်းကင်ပြာ...ပန်းချီကားထဲတွင် ရေတံခွန်နှင့် ရေတံခွန်ပတ်လည်က အလှအပများကို လက်ရာမြောက်စွာ၊ သေသပ်လှပစွာ ရေးဆွဲဖော်ပြထားသည်။
ထိုပန်းချီကားလေး BaekHyun ၏ အခန်းထဲကို ရောက်ရှိနေခဲ့သည်မှာ တစ်နှစ်တင်းတင်းပြည့်ခဲ့လေပြီ...။
ထို့အတူ ပန်းချီကားအတွင်းက ရေတံခွန်တွင် မြင်းတစ်ကောင်နှင့်အတူ ရေစိမ်ချိုးနေသော လူတစ်ဦးသည်လည်း ပန်းချီကားထဲမှ ပျောက်ကွယ်သွားသည်မှာ တစ်နှစ်ဟူသော အချိန်ကာလတစ်ခုထိ ကြာမြင့်ခဲ့ပြီဖြစ်သည်။လွန်ခဲ့သော တစ်နှစ်ခန့်က ပန်းချီကားလေး BaekHyun ၏ အိပ်ခန်းထဲသို့ ရောက်ခဲ့သလို ထိုပန်းချီကားသည် ဘဝတစ်ခုလုံးနှင့် ရင်းကာ ချစ်မိသည့် သူတစ်ဦးကိုပါ BaekHyun ၏ ဘဝထဲ ဆွဲသွင်းခဲ့၏။
သူ့နာမည်က Yeol ဖြစ်သည်။
အချစ်ဇာတ်လမ်းတစ်ခုတွင် အလွမ်း၊ အဆွေး စသဖြင့် ဒရာမာလေးဘာလေးပါမှ အချစ်ကို ကောင်းမွန်ခမ်းနားစွာ ပုံဖော်နိုင်လိမ့်မည်ဟု BaekHyun ယူဆခဲ့ပါ၏။
ကိုယ်တိုင်မခံစားခဲ့သည်မို့ ထိုသို့တွေးမိခဲ့ခြင်း ဖြစ်လိမ့်မည် ထင်ပါသည်။BaekHyun ပန်းချီကားကို ငုတ်တုတ်ထိုင်ကြည့်နေရာက အိပ်ရာပေါ် ပစ်လှဲလိုက်၏။
ဒီနေ့က သူ့အလုပ်နားရက်..
တနေကုန် အိပ်ပစ်မည်ဟု စိတ်ကူးထားသည်။အလုပ်ကို ဖိလုပ်နေစဉ်က ကိစ္စမရှိပေမယ့် အလုပ်မရှိသည့်အခါ Yeol ကို လွမ်းသည့် အလွမ်းစိတ်နှင့်တင် BaekHyun ရူးကြောင်ကြောင် ဖြစ်နိုင်၏။
ထို့ကြောင့်လည်း အိပ်ပစ်ဖို့ စိတ်ကူးထားခြင်းပင်။BaekHyun နှင့် Yeol ၏ ချစ်ခြင်းဟာ သိပ်လှပခဲ့ပေမယ့် အချစ်ဇာတ်လမ်းက သိပ်မလှပခဲ့ပါ။
ဇာတ်သိမ်းဟူ၍ပင် မသေချာလောက်အောင် တစ်နှစ်လောက်ကြာသည်အထိ ဇာတ်မျောကြီး ဖြစ်နေခဲ့သည်။