"ဒါနောက်ဆုံးလက်ကျန်ပဲ။"
စိတ်ပျက်စွာရေရွတ်လိုက်ရင်း လက်ထဲကပန်းရောင်ပုလဲစေ့လေးတွေကို ရွေ့လျားနေတဲ့တိမ်တိုက်ရထားအပေါ် လိုက်ပါရင်း ကမ္ဘာမြေပေါ် ကျွန်တော်ကြဲချလိုက်တယ်။ ကမ္ဘာမြေတစ်ခွင် ပန်းတွေနဲ့ဝေလို့ အေးချမ်းသာယာပါစေ။
ဆုတောင်းမှုအပြီး ခွေယိုင်ကျလာတဲ့ခြေတွေ။ ပြီးနောက် မှောင်မိုက်လာတဲ့ ကျွန်တော့်ဝန်းကျင် .... ညိုမှောင်လာခဲ့တဲ့ တိမ်တိုက်။ ... အင်း ... နောက်ဆုံးထွက်သက်ရောက်ပြီ ထင်ရဲ့။
"သခင်...."
တိမ်တိုက်ရဲ့ အခေါ်ပြုသံဟာ နားတွင်းမှာ ကြားတစ်လှည့်၊ မကြားတစ်လှည့်။
"ကိုယ်တော့်ကို နန်းတော်သာ ပို့လှည့်ပါ ... ခမည်းတော်ဟာ ကိုယ်တော့်ရုပ်ကြွင်းကို ဖျက်ဆီးတဲ့အခါ ကိုယ်တော်က ပန်းတွေရဲ့ အမွှေးနံ့ဖြစ်လှည့်ပါလိမ့်မယ်။"
ရှိသမျှအားအင်တို့ကို စုစည်းကာ အသေအချာပြောလိုက်ပြီး စိတ်နှလုံး ဒုန်းဒုန်းချလိုက်တဲ့အခါ အရာအားလုံးဟာ ချုပ်ငြိမ်းသွားတော့တယ်။ ဘုရားသခင်ရဲ့ ထာဝရနိုင်ငံတော်ဆီ ခြေလှမ်းခဲ့ပြီလား။
-
-
-
-
-
-
-
-
-
-
-
-တိမ်ရထားမောင်းသူဟာ လေနတ်သားဆယ်ဟွန်းဖြစ်တယ်။ အမျိုးစပ်ရင် ညီအစ်ကိုတော်ပေမယ့်လည်း ရာထူးအကြီးအမြင့်ကို အလေးထားတဲ့ ကောင်းကင်နိုင်ငံတော်မှာ အစ်ကိုကို အစ်ကိုခေါ်ခွင့်မရှိ။ ပန်းတို့ရဲ့ နတ်ဘုရား တစ်နည်း ဒီကမ္ဘာမြေပေါ် ပန်းတွေပွင့်လန်းစေတဲ့ သူ့အစ်ကို ရှီအုမင်ကို သခင်ခေါ်ရတယ်။ ဒီ့အတွက် သူ့စိတ်ထဲ ဘယ်လိုမှလည်း မခံစားရ။ သူ့အစ်ကိုဟာ ပန်းတွေရဲ့နတ်ဘုရားဖြစ်တဲ့အပြင် ကောင်းကင်နိုင်ငံကိုလည်း ဘုရားသခင်ကိုယ်စား အုပ်ချုပ်ခွင့်ရထားသူဖြစ်ပြီး သိပ်ကြင်နာတတ်တယ်။ ဒါကြောင့် သူအပါအဝင် ကောင်းကင်နိုင်ငံသားအားလုံးက ရှီအုမင်ကို သခင်ခေါ်ရတာ သိပ်နှစ်ခြိုက်ကြတယ်။
အခုလောလောဆယ်မှာတော့ ရှီအုမင်ရဲ့ ပန်းသွေးရောင်ဖျော့ဖျော့ ထွန်းလင်းတဲ့ မျက်နှာဟာ ဖြူလျော့နေခဲ့ပြီ။ သခင့်ကို ကံတော်ကုန်မှာ သူမလိုလားဘူး။