D I A R Y

20 3 4
                                    

D

ဒီနေ့ မိုးတွေရွာတယ် သိလား။
လေတော့သိပ်မတိုက်ပေမဲ့ မိုးကတော့ အရမ်းရွာတယ်။
ဘတ်စ်ကား မှတ်တိုင်ဟိုဘက်ခြမ်းက အမိုးအောက်မှာ
အမည်းရောင်အင်္ကျီနဲ့ ရှင်က အရမ်းစမတ်ကျတာပဲ။

ရှင့်လက်ထဲက ထီးတစ်လက်က ဘယ်သူပေးလိုက်လဲလို့
ကျွန်မတွေးမိသေးတယ်။
ရှင်က ထီးယူလေ့မရှိဘူးလေ။
ထီးကိုင်ရမှာပျင်းလို့ ထီးမယူတဲ့ ငပျင်းကြီး
ချစ်ဖို့ကောင်းလိုက်တာ။

ဒီနေ့နဲ့ဆို ရှင့်ကိုကျွန်မသိတာ ၁နှစ်ကျော်ပြီ။
ကျွန်မတို့ ကျောင်းကောင်စီရဲ့ အတွင်းရေးမှုး ရှင်နဲ့
တောက်တိုမယ်ရ ကျွန်မက နည်းနည်းတော့ ဝေးပေမဲ့
နီးတော့ နီးစပ်ပါတယ်။

Wang Zi Yi ကျွန်မ ရှင့်ကို ချစ်တယ်။

I

အိုင်ငယ်လေးထဲမှာ သက်တန့်ကိုတွေ့တယ်။
ကောင်းကင်ပေါ် မော့ကြည့်မိတော့ သက်တန့်ကွေးလေးက
အရောင်ဖျော့နေလေရဲ့။
မဆိုင်ပေမဲ့ ရှင့်ကို သတိရမိသား။
ကျွန်မနှလုံးအိုင်ထဲက အရောင်ရင့်ရင့်
လှလှပပ သက်တန့်လေးက
သူများရင်မှာ အရောင်ဖျော့မလားလေ။

"ညီမ အဆင်ပြေရဲ့လား" တဲ့
ဘုရားရေ! ရှင် ကျွန်မကို စကားပြောလိုက်တာလား။
အိမ်စာအများကြီးပေးတဲ့ ဆရာကို ကျေးဇူးတင်ရမယ်။

စာမပြီးမှာစိုးလို့ ညနက်တဲ့အထိစာလုပ်ရင်း
မူးလဲမလိုဖြစ်တဲ့အခါ ဝိုင်းတွဲပေးရင်း
ပို့ပေးခဲ့တဲ့ ကျောင်းဆေးခန်းသေးလေး။
အတူလှမ်းခဲ့တဲ့ ခြေလှမ်းတွေ ကျွန်မရေတွက်ထားတယ်။
အတူမရှိနိုင်တဲ့အချိန် အမှတ်တရဖြစ်ချင်လို့ပါ ကို။

A

အော်တမ်(မ်) လို့ခေါ်တဲ့ ဆောင်းဦးရာသီက
တကယ် ပျော်ရွှင်ရတယ်။
ကျောင်းပေါင်းစုံ ပျော်ပွဲရွှင်ပွဲအတွက်
အလုပ်များတဲ့ရှင့်ကို ကူညီပေးရလို့ ပျော်တယ်။
အားတော့နာပါရဲ့။

ကျွန်မ အတ္တက တော်တော်ဆိုးတယ်။

ချွေးတလုံးလုံးနဲ့ ပူနေတဲ့ရှင့်အတွက်
ကော်ဖီအေးတစ်ခွက်နဲ့ ပန်ကာလေး ကမ်းပေးတဲ့အခါ
"ကျေးဇူးပါ ညီမရယ်" လို့ ပြုံးပြီးပြောတဲ့ အစ်ကိုက
ကျွန်မအတွက် အေးချမ်းလှတဲ့ လမင်းကြီးပါပဲ။

ပွဲပြီးသွားလို့ ပစ္စည်းသိမ်းပြီး
အောင်ပွဲခံဖို့ ခေါ်တဲ့အခါ
သူငယ်ချင်းတွေကို ငြင်းရင်း
ညီမကို မသိမသာ အိမ်ပြန်လိုက်ပို့တဲ့ အစ်ကိုရေ~
ဘဝဆက်တိုင်း ချမ်းမြေ့မှုတွေ ကြုံတွေ့ရပါစေရှင်။

R

Ready လို့ အော်ပြီး ဝီစီမှုတ်သံ အဆုံးမှာ
ပြိုက်ဘက်အသင်းဆီက ဘောလုံးယူပြီး
ဂိုးတိုင်ဆီ ပြေးသွားတဲ့ အစ်ကို။
ကျွန်မကတော့ ဘောလုံးတစ်လုံးကို
လူအများကြီး ဝိုင်းလုရတဲ့ ကစားနည်းကို မကြိုက်ပေမဲ့
အစ်ကိုကစားမယ်ဆိုတော့ ညီမလည်း
အဲ့အသင်းရဲ့ အားပေးရေးအဖွဲ့ဝင်ဖြစ်သွားတယ်။
ရယ်တော့ ရယ်ရသားနော်။

အနီရောင်ပန်းပွားကို ကိုင်ပြီး
ဂိုးသွင်းတော့မဲ့ အစ်ကို့နာမည်ကို အော်ရတာ
အရမ်းကို ဂုဏ်ယူရတာပဲ။
ကြိုးစားပါ အစ်ကိုရေ။
ကျောင်းဂုဏ်ကိုလည်း ဆောင်ရင်း
ညီမအချစ်တွေ အတွက်လည်း
ဂုဏ်ဆောင်လိုက်ပါဦး။

ဒိုင်းဆုကိုင်ပြီး ပျော်နေတဲ့ရှင်ရေ
အင်္ကျီလဲပါဦး ဖျားမှာစိုးတယ်။

Y

ဝိုင်ခွက်ကိုင်ပြီး တောက်ပနေတဲ့ အစ်ကိုရေ။
ပျော်ရဲ့လား။
တက္ကသိုလ်ပြီးလို့ အတောင်ဖြန့်တော့မဲ့
လှပတဲ့ ညီမရဲ့ ဇာမဏီငှက်ကြီး။

အပြင်ရောက်လို့ ချောချောလှလှ
မိန်းကလေးတွေနဲ့တွေ့တဲ့အခါ သတိထားပါ။
မိန်းကလေးတိုင်း အားမနွဲ့ပါဘူး အစ်ကို။
"လိမ္မာအောင်နေနော် အကူညီလိုရင်
အစ်ကို့ဆီလှမ်းပြော" ဆိုတဲ့ စကားက
တကယ်ဝမ်းသာဝမ်းနည်းရပါတယ်။

အစ်ကိုရေ ပျော်အောင်နေနော်။
အရာအားလုံး ပြင်ဆင်ပြီးတဲ့အခါ
အစ်ကိုဂုဏ်ယူရတဲ့ ဂျူ နီယာညီမလေးဖြစ်စေရပါမယ်။
ညီမရဲ့ အချစ်တွေကိုတော့
ဒီလိုပါပဲ
ဒီအတိုင်းပါပဲ
ဘာမှမထူးပဲ ပြည်ဖုံးကာချလိုက်ပါတော့မယ်။
ချစ်ရတဲ့ အစ်ကိုရေ ဘဝဆက်တိုင်း သာယာပါစေ
ချစ်ရတဲ့ အစ်ကိုရေ ဘဝဆက်တိုင်း ပျော်ရွှင်ပါစေ
ချစ်ရတဲ့ အစ်ကိုရေ~~~

The End

Diary Where stories live. Discover now