လွန်ခဲ့သော ဆယ်နှစ်ခန့်
မန္တလေး၊ မဟာအောင်မြေမြို့နယ်ဟိုနေရာ ဒီနေရာမှ ကြားနေရသော ဆူညံသံတစ်ချို့သည် ဤအချိန် ဤအခါသမယ၏ ထုံးစံတစ်ခုဖြစ်နေ၍ စိတ်ညစ်ညူးစရာမကောင်းဘဲ ပျော်ရွှင်တက်ကြွဖွယ်ပင် ကောင်းနေသေး၏။ သီတင်းကျွတ်ပြီဟူသော အချက်ပြချက် ဗျောက်အိုးဖောက်သံတွေ မဟုတ်လား။ နိုးနိုး ဂုတ်ပေါ်ဝဲကျနေသော ဆံပင်များကို နှစ်ဖက်ခွဲ၍ စီးလိုက်ပြီး ရှေ့ဆံမြိတ်အနည်းငယ်ချလိုက်သည်။
"လှတယ်။"
နိုးနိုး တစ်ယောက်တည်းပြော၍ တစ်ယောက်တည်း ရီလိုက်သည်။ သနပ်ခါးပါးကွက်ကို ညီနေအောင် လိမ်းချယ်ထားသော ပါးမို့မို့သည် ပြုံးရီနေသော နှုတ်ခမ်းများကြောင့် ဖောင်းနေသည်မှာ ပေါက်စီနှစ်လုံး ပါးပေါ်တင်ထားသကဲ့သို့ပင်။ အသစ်ချပ်ချွပ်ဖြစ်သော ဂါဝန်သည် နိုး၏ ပိန်သေးသေးခန္ဓာကိုယ်နှင့် တထပ်တည်း ကျနေ၏။ ဒီပုသေးသေး ကလေးမလေးဟာ ရှစ်တန်းကျောင်းသူပါလို့ ဘယ်သူယုံမှာလဲ။
"နိုးရေ...သူငယ်ချင်းတွေလာပြီ။"
အိမ်ရှေ့မှာ ဆီမီးထွန်းနေတဲ့ အန်တီ့အော်သံကြောင့် နိုး အိမ်ရှေ့အပြေးထွက်ခဲ့သည်။ ရပ်ကွက်လှည့်ပြီး ဗျောက်ဖောက်ကြမယ့် သူတို့အဖွဲ့ပါလေ။
နိုး အိမ်ကိုတာ့တာပြခဲ့ပြီးနောက် သူငယ်ချင်းနှစ်ယောက်၏ လက်ကိုတွဲချိတ်၍ ထွက်ခဲ့လေတော့သည်။ ရွှေတချောင်းအနောက် အရာတော်ရပ်ကွက် လမ်းကြားထဲနေသော သူငယ်ချင်းအား သွားခေါ်ပြီး သူတို့အုပ်စုသည် မာကလာခြံဆီသို့ ဦးတည်လိုက်ကြသည်။ သူလိုကိုယ်လိုပင် ဟိုရပ်ကွက် ဒီရပ်ကွက် လည်ပတ်နေသော ကလေးများကြား တစ်ချက်တစ်ချက် ဗျောက်ဖောက်လိုက်ခြင်းပင် သီတင်းကျွတ်ရဲ့ ပျော်စရာကစားပွဲကြီးတစ်ခုလို။
ဓမ္မာရုံမှာ ဆီမီးထွန်းရန်အတွက် အိမ်ဘုရားစင်မှ ယူလာသည့် ဖယောင်းတိုင်နှစ်ထုပ်မှလွဲ နိုးနိုးရဲ့ ဝက်ဝံရုပ်အိတ်လေးထဲ ဘာမှမပါ။ ပြည့်ပြည့်ပေးသော ကျားခေါင်းဗျောက်ကို မဖောက်ရဲသဖြင့် ပြန်ပေးလိုက်သည်။ နိုးကိုယ်တိုင် အာလူးဗျောက်ကလွဲ ဘာမှ မဖောက်ရဲသော်လည်း အားပေးအားမြောက်ကတော့ ထိပ်ဆုံးမှာအမြဲဆိုသလို အသံတော့ကျယ်၏။