အချိန်ကား ညကိုးနာရီ။
အပြင်တွင် တဖွဲဖွဲကျနေသော မိုးစက်လေးများအား လွမ်းမောစွာ တစ်ချက်ကြည့်လိုက်ရင်း အသာလေး ခေါင်းခါယမ်းမိသည်။
ထိုသူ.. သူမကိုရက်စက်ကာ စွန့်ပစ်သွားရက်သည့် ထိုသူ့ကိုဘာကြောင့် အခုထိသတိရနေမိသည်ကို သူမမသိ။ နည်းမျိုးစုံဖြင့် မေ့ထုတ်ပစ်နိုင်ရန်ကြိုးစားခဲ့သော်လည်း ရင်ဘတ်၏ အနက်ရှိုင်းဆုံးနေရာတွင်နေရာ ယူထားသူအား မေ့ပစ်ဖို့အလွန်ခက်ခဲခဲ့သည်။ ယခုထိလည်း မမေ့နိုင်သေး။
နှုတ်ခမ်းပါးအား ခပ်နာနာကိုက်ရင်း ဆိုင်တံခါးကိုအသာပိတ်လိုက်သည်။ သော့ခတ်ထားသည်များအား သေချာစွာ စစ်ဆေးရင်း ဆိုင်အပေါ်ထပ်ရှိ သူမ၏ ကိုယ်ပိုင်နိဗ္ဗာန်ဘုံ (တစ်နည်း) အိမ်ဟုယူဆ၍ရသောအလွှာလေးသို့ တက်သွားလိုက်သည်။
အခန်းတွင်းရောက်သောအခါ အိပ်ရာပေါ်ဘေးတစ်စောင်းထိုင်ရင်း ပြတင်းပေါက်ကိုခပ်ဆွေးဆွေးလှမ်းကြည့်မိသည်။ သူက မိုးစက်များကိုချစ်သည်တဲ့လေ။ မမေ့နိုင်မဲ့အတူတူ ခနတဖြုတ်တော့လွမ်းခွင့်ပေးလိုက်ပါမည်လေ။ တစ်နှစ်ကျော် ကာလပတ်လုံး လွမ်းဆွတ်ခဲ့ရပြီးပြီပဲ။ယခုအချိန်လေးတော့ မိုးစက်လေးများနှင့်အတူ အလွမ်းအား ခံစားနေလိုက်သည်။
**************************
လွန်ခဲ့သောနှစ်နှစ်ခွဲခန့်က"မနှင်းရိပ်လွှာလားမသိဘူးဗျ။ ကျွန်တော့်ကို အကိုလေးက မမလေးကိုလာကြိုဖို့ လွှတ်လိုက်တာပါ"
"အော်...ကိုလေးလွှတ်လိုက်တဲ့အကိုလား? ကိုလေးက ဆေးရုံမှာ ဂျူတီဝင်နေရလို့လား အကို။"
"အရေးကြီးတဲ့လူနာရောက်လာလို့ဆိုတာပဲ မမလေးရေ"
လာကြိုသောအကိုပြောစကားအားခွန်းတုန့်မပြန်တော့ဘဲ ခေါင်းအသာငြိမ့်ပြရင်း ကားထဲဝင်ထိုင်လိုက်သည်။ ပိတ်ရက်လည်းဖြစ်သောကြောင့် ခေတ္တအနားယူရန်စဉ်းစားမိပြီး အကိုတာဝန်ကျရာ ကယားပြည်လေးသို့ ရောက်ရှိလာခြင်း။