သူနှင့်ကျွန်တော်က ၉တန်းစာမေးပွဲမတိုင်ခင်တည်းကမတွေ့ဖြစ်တော့ပဲ နွေရာသီပိတ်ရက်များတွင်လည်း နှစ်ယောက်လုံးက ၁၀တန်းအတွက်ပြင်ဆင်နေရသဖြင့်မအားချေ။သူကသူ့နဂိုကျူရှင်မှာပဲဆက်တက်ပြီး ကျွန်တော်ကကျူရှင်အသစ်တစ်ခုဆီပြောင်းပြန်သည်။ အမှန်တော့ ၉တန်းတုန်းကကျွန်တော်ကျူရှင်တက်ခဲ့ရသောအချိန်မှာ ၂လသာသာ လေးသာရှိသည်။ကျွန်တော်က ကျူရှင်အသစ်မှာ ဆရာမအသစ် သူငယ်ချင်းအသစ်များနှင့်ဆက်ဆံရပေမဲ့ သူကတော့ သူ့ကျူရှင်အုပ်စုနှင့်(ကိုကိုးအပါဝင် ၆ယောက်လျောက်လျော့သွားသည်မှလွဲ၍)နဂိုအတိုင်းရှိနေသည်။
ထူးဆန်းသည်က ၁၀တန်းကို မှူးရှိရာ အထက-၂ကို ပြောင်းရန် ကျွန်တော့်ကိုအိမ်ကတိုက်တွန်းနေခြင်းဖြစ်သည်။ ကျွန်တော်ကအလွန်ဝမ်းသာစွာပင် မှူးရှိသော အထက-၂ ဆီသို့လိုလိုလားလားပြောင်းရွှေ့ပြီး မှူးနှင့်တစ်တန်းတည်းတက်ရရန်အကြံထုတ်နေသည်။ (ထိုစဉ်က ရန်ကုန်မှ
အထကကျောင်းများအနက် ကျောင်း ၁၀ကျောင်းသည် လာဘ်စားမှု၌အလွန်နာမည်ကြီးပြီး ထိုကျောင်းများထဲတွင် ကျွန်တော်တက်ခဲ့သောကျောင်းက No.6နေရာ၌ရှိသည်ကိုကျွန်တော်မှတ်မိသည်။)ကျွန်တော်က မှူးရှိရာAတန်း၌အတူတူတက်နိုင်ရန်မျှော်လင့်ကာ ကျောင်းအုပ်ဆရာမကြီးထံ လက်ဆောင်များဖြင့်သွားကန်တော့သည်။(နောက်မှသိရသည်က Aတန်းရရန်အတွက်ကန်တော့ရမည့်ငွေက ၄သိန်းဖြစ်ပြီး ကန်တော့နိုင်သူများကAတန်းရကြလေသည်။)
လာဘ်ထိုးခြင်းကိုတစ်သက်လုံးမလုပ်ဖူးသည့်ကျွန်တော်က သူ့ကြောင့်သိက္ခာအကျခံကာအောက်ကျို့ခဲ့ရသည်။ သို့သော် ၎င်းပမာဏလောက်မကန်တော့ခဲ့ပေ။ထို့ကြောင့်ပဲထင်သည် နောက်နေ့နေ့လည်တွင် ကျွန်တော့်ကိုDခန်းဆီသို့ပို့ရန်စာထွက်လာ၏။ ပထမက ကျွန်တော်အလွန်ပေါက်ကွဲကာစိတ်ဆိုးခဲ့၏။လိုချင်တာမရသည့်ပြင် သိက္ခာလည်းကျသောကြောင့် ဆရာမကြီးကို လာဘ်စားမှုဖြင့် ဝန်ကြီးဆီတိုင်စာပို့ရန်ပါကြံစည်ခဲ့သေးသည်။ သို့သော်မလုပ်ဖြစ်ပါချေ။ ကျွန်တော်မတိုင်ပါသော်လည်း နောက်နှစ်လအကြာတွင် ဆရာမကြီးမှာလာဘ်စားမှုဖြင့်အစစ်ဆေးခံရသည်မှာ စာသင်နှစ်ကုန်သည်အထိဖြစ်တော့သည်။ ကျောင်းတွင်ထိုထူးထူးဆန်းဆန်းကိစ္စများဖြစ်သည်မှတစ်ပါး မှူး၏အရိပ်အယောင်မျှမမြင်ရချေ။ မုန့်စားဆင်းလျှင် မုန့်ဈေးတန်းကိုခေါက်တုံ့ခေါက်ပြန်လျောက်ကာ မှူးကိုလိုက်ရှာရသည်ကအလုပ်တစ်ခုဖြစ်လို့နေသည်။ ကျောင်းလွှတ်ချိန်ကျလျှင် သူများထက်ဦးအောင်ကျောင်းဂိတ်ဝဆီသွားပြီး သူထွက်လာမည်လား ဆိုသည်ကိုမျှော်ကြည့်ရသည်ကလည်းနေ့တိုင်းလိုပင်။ သို့ပေမဲ့ ကျွန်တော်အမြဲတွေ့ရသည်က စက်ဘီးကလေးနှင့်သူ့သားကျောင်းဆင်းချိန်ကိုစောင့်နေသောမှူး၏ပါပါးသာဖြစ်သည်။
တစ်ခါတလေ ကံကောင်းစွာဖြင့် မှူးနှင့်ဆုံရတတ်ပြီး သူ့အဖေလာမကြိုသည့်နေ့များတွင်အရင်ကကဲ့သို့ပင် အိမ်သို့ အတူတူလမ်းလျောက်ပြန်ကြသည်။ သို့သော်ထိုသို့အတူတူပြန်ဖူးသည်က စာသင်နှစ်တစ်နှစ်လုံးနေမှ ၃ကြိမ်သာဖြစ်သည်။ မှူးကလည်းကျွန်တော့်လိုဆတ်ဆတ်ထိမခံတစ်ယောက်ဖြစ်ရာ သူနှင့်မတည့်သောဆရာမများရှိလေ၏။ ဖြစ်ချင်တော့ ၉တန်းတုန်းကသူနှင့်မတည့်သောဆရာမမှာ ယခု ၁၀တန်း ၌ကျွန်တော့်အတန်းပိုင်ဖြစ်လို့နေသည်။ ထိုဆရာမက ကျွန်တော်နှင့်မှူး၏ဆက်ဆံရေးကိုသိရှိပြီး မှူး၏မကောင်းကြောင်းနှင့်သူနှင့်မပေါင်းသင့်ကြောင်းကို ကျွန်တော်နှင့်ဆုံတိုင်းပြောလေ့ရှိပြီး နောင်တွင် ထိုစကားများကို မှူးကိုကျွန်တော်ကပြန်ပြောကာ နှစ်ယောက်သား ရယ်မောကြသည်။ ကျွန်တော့်အဖြစ်ကလဲ မှူးနှင့်တစ်ကျောင်းထဲနေရပါမှ မှူးကိုတွေ့မြင်ရသောအချိန်က တစ်နှစ်လုံးနေမှလက်ချိုးရေ၍ရအောင်နည်းလွန်းနေပြီး ထိုအစားမှူးကိုမလိုလားသောဆရာမ၏သြဝါဒကိုမှနေ့စဉ်ခံယူနေရသည်မဟုတ်ပါလား။
YOU ARE READING
My Dear Friend
Randomကျွန်တော်နဲ့ သူနဲ့ကြားက အကြောင်းတွေထက်ကို ကျွန်တော့်ရဲ့ emotions တွေကိုရေးထားတဲ့မှတ်တမ်းတစ်ခုလိုမျိုးရေးထားပြီး... ဇာတ်လမ်းလဲမရှိသလို ဇာတ်သိမ်းလည်းမရှိသေးတဲ့ ကျွန်တော်ခံစားခဲ့ရတဲ့အရာတွေနဲ့ ခံစားနေရတဲ့အရာတွေကိုရေးထားတဲ့ကျွန်တော့်ရဲ့ပထမဆုံး ficပါ...