လက်ထဲတွင် ကိုင်ထားသော လေးထောင့်ဆန်ဆန် ဖိတ်စာ စာရွက်လေးကိုသာ ဖွင့်လိုက်၊ ပိတ်လိုက် လုပ်ရင်း အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။ အတန်မည်မျှကြာအောင် လျှောက်နေမိသည်မသိ ခြေဖဝါးပြင်တို့သည် ကြိမ်းစပ်စပ်နှင့် နာသယောင်ယောင် ရှိလာလေသည်။သို့ထိတိုင် သွားရမလား၊ မသွားပဲနေရမလားဆိုသည့် ဆုံးဖြတ်ချက်က မရေရာသေး။
ဆုံးဖြတ်ချက်က ရေရေရာရာမထွက်လာသေးပေမယ့် ဖိတ်စာငယ်လေးမှာတော့ ခေါက်ချိုးရာသည် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့လေပြီ။
အကြိမ်ပေါင်းများစွာ စာရွက်လေးကို ဖွင့်လိုက်၊ ပိတ်လိုက် လုပ်ပြီးနောက် ဖိတ်စာစာရွက်လေးကို စာအိတ်ထဲသို့ ပြန်ထည့်လိုက်ရင်း တစ်ခုသော ဆုံးဖြတ်ချက်ကိုသာ ပိုင်နိုင်စွာ ချလိုက်မိသည်။
ဖိတ်ခေါ်လာခဲ့သော ကံကြမ္မာအား လက်တွေ့ ရင်ဆိုင်တော့မည်ဟူ၍....
အနက်ရောင် CT6ကားလေးသည် "အကြင်နာမဲ့ မီးအိမ်"ဟူသော ဆိုင်းဘုတ်လေးအား ချိတ်ဆွဲထားသော ခြံဝန်းတစ်ခု၏ တံခါးဝတွင် ရပ်တန့်နေလေသည်။
တစ်ချက်၊နှစ်ချက်၊ သုံးချက်ခန့် အချိန်အနည်းငယ်ခြား၍ ဟွန်းတီးလိုက်သည့်အခါ ဆယ့်ငါးနှစ်အရွယ်ကလေးတစ်ယောက်သည် အပြေးအလွှားနှင့် ခြံတံခါးကို လာရောက်ဖွင့်ပေးလေသည်မို့ ဘီးလိမ့်ရုံမျှသာ မောင်းရင်းဖြင့် အနက်ရောင်ကားလေးသည် အိမ်ဝင်းထဲသို့ ဝင်လာလေသည်။
ကားတံခါးကိုဖွင့်ကာဆင်းလိုက်ရင်း ပတ်ဝန်းကျင်ကို ခေတ္တမျှ ရပ်ကြည့်ကာ အိမ်လေး၏ အသွင်သဏ္ဌာန် ကို ပုံဖော်ကြည့်မိသည်။ အပြာရောင်နုနုလေးသုတ်ထားသော အိမ်ကြီးရခိုင်သည်ပင် နောက်ဆုံးအကြိမ်အနေနှင့် ရောက်ရှိခဲ့တုန်းကအတိုင်း သပ်ရပ်နေသေးသည်။ အပြာရောင်လိုက်ကာစတို့နှင့် အလှဆင်ထားသော ပြူတင်းပေါက်များမှ ခန်းဆီးစများသည်လည်း လေအဝှေ့တွင် အောင်လံတလူလူလွင့်နေတတ်သေးသည်။ သူထားခဲ့ရက်သော ဤအိမ်တော်မဟာသည် သူရှိစဉ်ကကဲ့သို့ တစ်ခုမျှ မပြောင်းမလဲရှိနေသေးသလိုပင်....
YOU ARE READING
တိမ်မြုပ်သွားခဲ့သောဇာတ်လမ်းလေး
Teen Fictionအချိန်ကာလတွေ ဘယ်လိုပဲပြောင်းလဲသွားလည်း နေကြာပန်းတွေက နေမင်းကြီးရှိတဲ့အရပ်ကို မျှော်ကြည့်နေတတ်သလို ကိုယ်ကလည်း မင်းလာမယ့် လမ်းလေးကိုပဲ ငေးကြည့်နေတတ်တုန်းပဲ