(Zawgyi)🌧
" ကျွတ်စ် မိုးကလည်းကွာ ကျောင်းဆင်းချိန်တိုင်းကို ရွာနေတော့တာပဲ "
ကျောင်းအဆောက်ဦးရဲ့ တံစက်မြိတ်နားမှာ စုပြုံနေကြတဲ့ ကျောင်းသားတစ်ချို့ထံမှ ခပ်ကျယ်ကျယ် ထွက်လာသည့် အသံတွေ ... ဆက်ပြီးတော့ တစ်ယောက်တစ်ပေါက်နဲ့ညည်းညူ ကြတော့တာပဲ ။
မိုးတွင်း မိုးရွာတာ ဘာဆန်းတာမှတ်လို့ ... ။
သူ စိတ်ထဲက တွေးလိုက်မိပေမယ့် အပြင်မှာတော့ ထုတ်မပြောဖြစ် ...။ ပြောလိုက်လို့များ တစ်ယောက်ယောက်က ပြန်ငြင်းခုန်ရင်း ဇာတ်ကြောရှည်နေမှာမျိုး သူ မလိုလားပေ။
Hoodie ခေါင်းစွပ်ကို မျက်စိနား အထိ ဆွဲချရင်း အရှေ့က ပိတ်နေသည့် ကျောင်းသားအုပ်ထဲက တိုးထွက်လာခဲ့သည်။
" စီနီယာဂျွန်မြောင် ပြန်တော့မလို့လား... မိုးတိတ်မှ ပြန်ပါ့လား ... ဆယ်ရာတို့လည်း ထီးမပါလို့ မိုးတိတ်တဲ့အထိ စောင့်မှာ "
သူ့ ဘေးနား လာရပ်တဲ့ ကောင်မလေးကို ကြည့်လိုက်မိသည် ။
"ကျွန်တော်တို့ သိလို့လား "
ထိုကောင်မလေးကို တစ်လှည့် ...သူ့ကိုယ်သူ တစ်လှည့် သူ့လက်ညှိုးညွှန်ရင်း မေးလိုက်မိသည် ။
ဂျွန်မြောင်ကတော့ မသိတာ ကျိန်းသေနေပေမယ့်ပေါ့ ။" သိတာပေါ့ သိတာပေါ့ စီနီယာက နာမည်ကြီးပဲဟာ ..."
ထိုကောင်မလေးတင်မကဘဲ သူ့ဘေးနားမှာ ကောင်မလေး သုံးလေးယောက်လောက် လာရပ်ရင်း အလုအယက်ဆိုလာတော့ ဂျွန်မြောင် အနောက်ကို နည်းနည်းဆုတ်လိုက်မိသည် ။
သူတို့ပုံစံက နည်းနည်း ... ။" ဆယ်ရာ နင့် အဆောင်နဲ့ စီနီယာတို့ အဆောင်နဲ့ နီးတယ်မလား... မိုးကလည်း တိတ်ဦးမှာ မဟုတ်သေးဘူး စီနီယာနဲ့ လိုက်သွားလိုက်လေ ..."
ခပ်သာသာပင် ကောင်မလေးတွေက တွန်းရင်းတိုက်ရင်း ဂျွန်မြောင်ရှေ့ အရောက်ပို့ကြသည် ။
"စိတ်မရှိပါနဲ့ ...ထီးက တစ်ချောင်းပဲပါလို့ "
လက်ထဲအသင့်ကိုင်ထားသည့် အပြာရောင်ခေါက်ထီးကို ထောင်ပြရင်း ဂျွန်မြောင် သူတို့ရှေ့ကနေ ခပ်မြန်မြန် ထွက်ခဲ့လိုက်သည်။