ဘဝဟာ ကိုယ့်ကျမှ ဘာဖြစ်လို့ဆိုးရလဲဆိုပြီး ထူးထွေပြီး မတွေးနေတော့ပါဘူး။ အချိန်တန်ရင် အရာရာပြီးဆုံးသွားမှာပါပဲလေ...။
မြတ်အတွက်တော့ ပထမဆုံးကြုံခဲ့ရသည့် အဖြစ်အပျက်တွေမို့ အရုပ်ကြိုးပျက်ဖြစ်သွားတာတော့ အမှန်ပင်။ ဖေဖေသာရှိသေးရင် ပိုပြီး စိတ်ထိခိုက်မလား။ ဖေဖေကတော့ ရှေ့ကနေ မားမားမတ်မတ်ကာကွယ်ပေးမှာတော့ အမှန်ပဲမဟုတ်လား။
"မေမေ ဒီလောက်ထိလုပ်မယ်လို့ ကိုကိုမထင်ထားခဲ့ဘူးမြတ်ရာ... မြတ်ရော အဆင်ပြေရဲ့လား"
ကိုကိုဟာ ဆိုင်ကိုနောက်ရက်မှာ လိုက်လာခဲ့သည်။ မမဇော်ကတော့ အကြောင်းစုံသိပြီး နှစ်ယောက်လုံးအတွက် စိတ်မကောင်းဖြစ်နေ၏။"လူတွေဟာ ကိုယ်တို့နှစ်ယောက် ခွဲရလို့ အကုန်ဝိုင်းပြီးသနားကြတယ်.." သီချင်းလေးလိုပဲ မြတ်တို့အတွက် အားလုံးဟာ ကရုဏာသက်ကြတာပဲ။
"အချစ်ဟာ အချစ်ပဲကို လူတွေက သိပ်ခွဲခြားတာပဲ" အဝေတို့ကတော့ မြတ်တို့အတွက်အားမလိုအားမရများဖြစ်၏။
"ကိုကိုကတော့ ဒီမင်္ဂလာပွဲကို တားနိုင်သမျှ တားမယ်... ကိုကိုလက်မထပ်ချင်ဘူး"
ကိုကိုက မြတ်သော်ရင်ခွင်ထဲ တိုးဝှေ့ပြီး နေနေပြီး စိတ်ချလက်ချအိပ်နေ၏။ ကိုကို့မျက်ခုံးလေးတွေကို ထိပြီး ကိုကို့နှာတံတွေကို ကိုင်ကြည့်လျှင် ဒီလူသားကို ဘုရားက ဖန်ဆင်းဖို့ တော်တော်အချိန်ယူခဲ့ရမှာလို့ တွေးမိသည်။
"သူ ညက အိပ်မရဘူးပြောတယ် ..." ပြောပြီး မမဇော်က ကိုကို့အား အညာစောင်ပါးလေး လာခြုံပေး၏။
"ဟူး ခက်ပါရဲ့အေ... ငါတို့ အခြောက်တွေမလည်း ကိုယ့်ဘက်ကချစ်တော့လည်း ဟိုက တစ်ခုခုလိုချင်လို့ ကိုယ့်ကိုချစ်ပေးတာခံရ၊ ခုလို အချစ်စစ်တွေကျလည်း ပတ်ဝန်းကျင်ကခွဲကြနဲ့ ဝဋ်တွေများကြီးလိုက်တာပေါ့အေ"
ခဏကြာတော့ ယုဖုန်းဆက်၍ ကိုကိုအိမ်ပြန်သွားရသည်။ မြတ်တစ်ယောက် ကိုကိုပြန်သွားမှ တင်းထားသမျှ စိတ်များကို ပြန်လျှော့ပြီး ရှိုက်ကြီးတငင်ငိုနေမိပါသည်။ ထိုစဉ် မိဝေက မြတ်ကို ပွေ့ဖက်လိုက်သည်။