ဖိနပ်စင်ပေါ် ဖိနပ်ကိုချွတ်တင်ပြီိးကာမှ မြည်လာသောဖုန်းသံကြောင့် ဖုန်းကိုဘောင်းဘီအိတ်ထဲမှ ထုတ်ယူကြည့်ရင်း ရူဟန်မျက်မှောင်ကြုတ်သွားရသည်။ သက်ပြင်းတစ်ချက် မှုတ်ထုတ်ကာ ဖုန်းကိုနားဝတွင်ကပ်လိုက်တော့ ထင်ထားသည့်အတိုင်းပင် ပုံမှန်ထက်အနည်းငယ် စူးရှရှနိုင်သော မင်ဆော့၏အသံကို ကြားလိုက်ရသည်။
"ရူဟန်ရေ့... ငါ့ကို လာခေါ်ပါဦး"
ရူဟန် ခပ်တိုးတိုးဆဲရေးလိုက်မိသည်။ လက်မှနာရီကို လှမ်းကြည့်လိုက်မိတော့ ညတစ်နာရီ။ ဒီလို ညဥ့်နက်သန်းခေါင် အချိန်မဟုတ်အခါမဟုတ် မူးရူးပြီးလာခေါ်ဖို့ မင်ဆော့ သူ့ဆီဖုန်းဆက်လာပြီဆိုလျှင် အကြောင်းအရင်းက တစ်ခုပင်ရှိသည်။ အခုလေးတင် ချွတ်တင်လိုက်သည့် ဖိနပ်ကို ဖိနပ်စင်ပေါ်မှ စိတ်မရှည်လက်မရှည် ပြန်ဆွဲချရင်း လိုရင်းကိုသာ မေးလိုက်မိသည်။
"ဘယ်မှာလဲ"
"အင်... အင်း... ဘယ်မှာလဲဆိုတော့... ဒါ ဟိုနားလေ သိတယ်မလား... seven eleven ရှိတဲ့ထောင့်လေ"
"ဘယ် seven eleven လဲ"
"အင်း... seven eleven"
"ဘယ် seven eleven လဲလို့"
"အင်း... အဲဒီနေရာလေ"
"ဘာအဲဒီနေရာလေလဲ... မင်းကြီးတော် seven eleven တွေက နေရာတိုင်းမှာကို... ဘယ်နားရောက်နေတာလဲလို့"
မူးနေသောလူနှင့်အပြိုင် ဒေါသထွက်လျှင် ကိုယ်ပဲအသက်တိုရမည်ကို သိနေပါသော်လည်း မုန့်လုံးစက္ကူကပ်သလို ဘာမှအဖြေမရဘဲ ပတ်ချာလည်ရိုက်နေသော မင်ဆော့ကြောင့် နောက်ဆုံးတော့ ရူဟန်တစ်ယောက် ဒေါသတွေထွက်လာပြီး လေသံကကျယ်လာခဲ့သည်။ မနက်ဖြန် စနေနေ့မို့လို့သာ တော်သေးတော့သည်။ မဟုတ်လျှင် အခုမင်ဆော့ရစ်နေပုံနှင့် သူမနက်ဖြန် ရုံးတက်နိုင်လိမ့်မည် မဟုတ်တော့။ ချော့တစ်မျိုး ခြောက်တစ်မျိုးနှင့် ဘယ်နေရာလဲကို မနည်းဖျစ်ညှစ်မေးလိုက်ရသည်က ဆယ့်ငါးမိနစ်လောက်ကြာသည်။ မူးပြီးသူများကို လာခေါ်ခိုင်းမည် စိတ်ကူးလျှင်လည်း အနည်းဆုံးတော့ လာခေါ်ခိုင်းမည့်လူနှင့် နီးနီးနားနားနေရာတွင် သောက်သင့်သည်မဟုတ်ပါလား။ နောက်ဆုံးတော့ကားနှင့်နာရီဝက်လောက်သွားမှ ရောက်သောနေရာတွင် ယိုင်ထိုးနေသော ထိုလဒကိုသွားကောက်လာပြီးချိန်တွင်တော့ ရူဟန့်စိတ်က လက်တစ်ဆစ်ပင်ကျန်တော့သည်ဖြစ်သည်။