မျက်နှာချင်းဆိုင်မှ တိုင်ကပ်နာရီလက်တံတရွေ့ရွေ့ကို စိတ်မရှည်စွာ စောင့်ကြည့်နေမိသည်။ ညနေငါးနာရီ ထိုးလုပြီ။ ရူဟန်တို့ရုံးဆင်းချိန်က ငါးနာရီမို့ ဖင်တကြွကြွဖြစ်နေမိပြီဖြစ်သည်။ ရုံးဆင်းလျှင် ရုံးမှသူငယ်ချင်းများနှင့် စားဖို့သောက်ဖို့ချိန်းထားကြသည်။ တစ်ပတ်လုံးလုံး ဇက်ကြောတွေတက်နေအောင် ကွန်ပျူတာရှေ့မှမထရဘဲ အလုပ်လုပ်ထားရသလောက် အတိုးချနားဖို့ စိတ်ကူးနှင့်ပင် လူကအတော် မြောက်ကြွမြောက်ကြွဖြစ်နေပြီဖြစ်သည်။ ငါးနာရီထိုးဖို့ ငါးမိနစ်...။ ကွန်ပျူတာရှေ့တွင်ထိုင်ရင်း Mouse ကိုဟိုကလိ ဒီကလိ ကလိနေမိချိန်တွင် Silent လုပ်ထားသော ရူဟန့်ဖုန်းလေးက အသံတိတ် တုန်ခါလာခဲ့သည်။ မင်ဆော့ဆီကပင်။
"ရူဟန်ရေ့"
ချီးမှပဲ၊ မူးနေသည်မှာ တစ်ရာရာနှုန်းပြည့်သေချာသော မင်ဆော့အသံကို ကြားလိုက်ရသည်မို့ ဘယ်သူမှမကြားအောင် ရူဟန်နှုတ်ခမ်းလှုပ်သည်ဆိုရုံ ခပ်တိုးတိုးဆဲရေးလိုက်မိသည်။ ဒင်းတစ်ကောင်ဟာလည်း ရူဟန်ရုံးကို အကြောင်းပြ၍မရအောင် တမင် သောကြာနေ့များကိုရွေး၍ မူးနေသလားပင်ထင်ရ၏။
ဒီတစ်လော မင်ဆော့ သူ့ဘိုးတော်ကြီးနှင့် တော်တော်အဆင်မပြေလားမသိပါ။ အရင်ကလည်း ဒါမျိုး ဖြစ်တတ်သော်လည်း တစ်လတစ်ခါ၊ နှစ်လတစ်ခါ။ တစ်ခါတစ်ရံ တည့်ရှုနေကြချိန်ဆိုလျှင်တော့ မျက်နှာမြင်ရဖို့ပင် မနည်း မပင့်ယူရတတ်သော မင်ဆော့ပင်။ အရင်ကဆိုလျှင် မင်ဆော့အဲဒီလိုမူးလာလျှင် ဘယ်လိုဖြစ်၍ ဘယ်လိုဖြစ်ရကြောင်း၊ သူ့အစ်ကိုမကောင်းကြောင်း၊ မိမိသာလျှင် မှန်ကန်ကြောင်း၊ သူတို့ ရန်ဖြစ်ရသည့် ဖြစ်ကြောင်းကုန်စင်ကို ရိုက်မစစ်ရဘဲ အကုန်ပြောပြစမြဲ။ ဒါပေမယ့်လည်း အခုတလောတွင်တော့ လူကိုဖုန်းဆက်ခေါ်ပြီးလျှင် ဘာမှလည်းမေးမရဘဲ သက်ပြင်းကြီးချချကာ မျက်ရည်တစမ်းစမ်းနှင့် အိပ်ပျော်သွားသည်မှာ တစ်ကြိမ်မကတော့။ အကြောင်းရင်းကိုလည်းမသိ၊ မေးလည်းမရဘဲ လာပေးသမျှ ဒုက္ခခံနေရသော ရူဟန့်မှာ ကန်စွန်းဥပြုတ် အလုံးနှစ်ဆယ်လောက် ပါးစပ်ထဲသို့ သွတ်သွင်းပြီး ရေမသောက်ရသေးသူလိုပင် စိတ်ထဲတွင် အားမလိုအားမရနှင့် တစ်ခုခုပြောပစ်လိုက်ချင်သည်ကို မနည်းကို ချုပ်တည်းထားနေရသည်။ အခုလည်း ဟိုတစ်ပတ်ကပင် လူကိုဒုက္ခလာပေးပြီးသွားပြီ၊ ဒီတစ်ခါဘာဖြစ်ရပြန်ပြီလဲမသိဟု တွေးရင်း ဒီတစ်ပတ်သောကြာ မိမိ၏ TGIF ဖို့ အစီအစဉ်များကို ဖျက်သိမ်းလိုက်ရလေတော့သည်။