နံရံကြီးကို ပြုံးဖီးပြီးကြည့်နေတဲ့ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်ပါလိုက်ပြုံးမိသည်။
"တော်တော်ကြည့်လို့ကောင်းနေတာလား...ကလေး"
အခုမှသတိဝင်လာသည်ထင်။နားရွက်တက်ချိတ်မတတ် အပြုံးကြီးနဲ့ရှောင်းကျန့်ကို လှည့်ရယ်ပြသည်။
"ဒါပေါ့ ကျန့်ကောရ၊ကျွန်တော်...ဘယ်လောက်ချောလိုက်သလဲ...ဟီဟီး"
သူ့ကိုပြောပြီးတာနဲ့ တစ်ဖန်ပြုံးပြီးကြည့်နေပြန်သည်။လွန်ခဲ့သည်နှစ်လကမှ လက်ထပ်ခဲ့သည့်သူတို့နှစ်ယောက်၏ မင်္ဂလာဓာတ်ပုံကို
ဒီနေ့မှဘာစိတ်ကူးပေါက်နေသလဲ မဆိုနိုင်။မနက်ကတည်းက ထိုင်ကြည့်ပြီးရယ်နေတာ။ကြာတော့ ရှောင်းကျန့်အမြင်ကတ်လာသည်။"အေးအေး...အဲ့ဒီဓာတ်ပုံပဲထိုင်ကြည့်၊ဒီကလူအကောင်လိုက်ကိုကျတော့ မကြည့်နဲ့သိလား"
"ကျန့်ကောကလည်း"
ရှောင်းကျန့် ခပ်ထေ့ထေ့ဆိုလိုက်မှ ရိပေါ်ကသူ့ကိုလာဖက်သည်။ရှောင်းကျန့်ရဲ့ပါးတစ်ဖက်ကိုလည်း မွှေးကြူလိုက်သေးသည်။
"ကျန့်ကောကလည်း...ဒါကျွန်တော်တို့ရဲ့အမှတ်တရတွေလေ၊ကျွန်တော့်ယောက်ျားလေးကို အပြင်မှာကြည့်လို့ရတာသိတာပေါ့၊ဒါပေမယ့်...ဒီလိုအမှတ်တရတွေကို ကျွန်တော့်မှတ်ဥာဏ်ထဲမှာ သိမ်းထားချင်တာ"
"မနိုင်ဘူး...မင်းလေးကို"
ရှောင်းကျန့်ပြောပြောဆိုဆိုနဲ့ ရိပေါ်ရဲ့ဆံနွယ်တွေကို ဆွဲဖွလိုက်သည်။ပိုးသားလိုနူးညံ့တဲ့ ရိပေါ်ရဲ့ဆံပင်တွေကို ရှောင်းကျန့်သဘောကျသည်။ခပ်တင်းတင်းစေ့ထားတတ်သည့် နှုတ်ခမ်းလေးကိုလည်း ချစ်၏။ပြီးတော့ မျက်ဝန်းညိုလေးတွေကိုလည်း ကြိုက်သည်။ယုတ်စွအဆုံး ထိုကောင်လေးနှင့်သက်ဆိုင်သမျှ အရာအားလုံးကို သူသဘောကျသည်။
"ဒီတစ်ပတ် ပိတ်ရက်ရောက်ရင် ပါးနဲ့မားက လာလည်ဦးတဲ့၊ကောကိုလည်း မှာနေသေးတယ်...အလုပ်တွေချည်းပဲလုပ်မနေနဲ့တဲ့"
"အလုပ်လုပ်ရတာ မပင်ပန်းဘူး၊ကလေးထိန်းရတာက ပိုပင်ပန်းတယ်"
ဝမ်ရိပေါ်ကို ရှောင်းကျန့်ထိန်းသိမ်းရသည်မှာမလွယ်ပေ။မနှစ်ကအထိ တက္ကသိုလ်ဆက်မတက်ပဲအိမ်မှာပေတေကပ်နေသေးသည်။ရိပေါ်ရဲ့ပါးပါးကလည်း သူ့အလုပ်တွေကိုဝင်လုပ်စေချင်သည်။သို့သော် ရိပေါ်ကစိတ်မဝင်စားပေ။ထို့ကြောင့် ရှောင်းကျန့်မှာ ထိုအကောင်ပေါက်ကို ဖြည်းဖြည်းချင်းစည်းရုံးသိမ်းသွင်းတော့မှ လက်ခံပြီး ကျောင်းဆက်တက်သည်။