Part 32

5.2K 211 3
                                    

လှိုင်းလိုလူ

အပိုင်း (၃၂)

#လှိုင်းလိုလူ

"စံ.."
"ဟင်…"
"ဘာဖြစ်တာလည်း ဟင်.."
"ဟင့်အင်း.."
မမ ထွက်သွားပြီး ခဏကြာတော့ သမီးကို ချီထားရင်း သူရောက်လာခါ စံလေး ကို ခေါင်းစ ခြေဆုံး လိုက်ကြည့်နေတော့သည်.။
သမီးကို လက်လွဲယူပြီး ကွပ်ပျစ်ပေါ် ထိုင်ချခါ ကျောပေး၍ နို့တိုက်ရသည်..။
ငိုထားလွန်းလို့ အသက်ရှုတိုင်း ရှိုက်သံလေး ပါနေတုန်းပါပဲ…။
သမီး ခေါင်းနဲ့ နဖူးပေါ် မှာ ချွေးတွေစိုလို့ လက်နဲ သုတ်ပစ်လိုက်ရင်း စ်ိတ်မကောင်းဖြစ်ရသည်..။
"မဲ့…"
"သြော်…တော်တယ်နော်….လှလိုက်တာ.."
သားက အရုပ်ကလေးတွေကို အကုန်ထောင်ပြီး မှ လှမ်းခေါ်တော့ သူလုပ်ထားတာကို ပြချင်မှန်း သိနေတော့ ပြုံးရင်း အားပေးလိုက်သည်..။
'စံ.."
"ဟင်.."
စံလေး နောက်ကျောမှာ ၀င်ထိုင်လိုက်တော့ လှည့်မကြည့်ပဲ ပြန်ထူးလိုက်မိသည်..။
ဘာဖြစ်တာလည်း…ဘာဖြစ်လို့လည်း ချည်းပဲ မေးနေမှာ သိပါသည်..။
ဒါပေမဲ့ ဘယ်လို ပြန်ပြောရမှာလည်း..။
"ဘာဖြစ်လို့လည်း မေးနေတယ်လေ…"
"ကျစ်…ငါ ဘယ်လို ပြောရမလည်း.."
"ဘယ်လို ပြောချင်လို့လည်း…ဘာပဲ ဖြစ်ဖြစ် တစ်ခုခု ပြောပါဟာ…ငါ ရင်တွေ ပူလောင်နေပြီ…"
စံလေး ကျောပြင်မှာ နဖူးကပ်ပြီး ပြောတော့ စိတ်ထဲ တွန့်ခနဲ့ ဖြစ်သွားပေမဲ့ ကိုယ်ခန္ဓာကြီးကတော့ မလှုပ်မရှား ငြိမ်သက်နေမိသည်..။
"ငါ့ကြောင့်လား.."
"မဟုတ်ပါဘူး.."
"ဘာဖြစ်လို့ ဒီလောက်ငိုရတာလည်း…"
"အနိုင်…"
"အင်း.."
"အနိုင်…ငါ…ငါ လိုက်မယ်.."
"ဟင်.."
"နင် နဲ့ ငါလိုက်မယ်…ငါ တို့ကို ခေါ်သွားပါလို့….နင် လက်ခံနိုင်မယ် မလား ဟင်…ငါနဲ့သားသမီး နှစ်ယောက်ကို တာ၀န်ယူပေးနိုင်မလားလို့ပါ…"
"အိုး…ဘယ်လိုစကားလည်းဟာ.."
"ဟင့်..ငါရှက်တယ်…ခါးခါးသီးသီး ငြင်းပြီးမှ နင့်ကို တာ၀န်ယူခိုင်းရတာ….ငါ အရမ်းရှက်တယ်…"
"အိုး.."
စံလေး ပခုံးပေါ် လက်ရောက်လာပြီး လက်မောင်းကို ပွတ်သပ်ရင်း အားပေးနေတော့ ငိုချင်လာသည်..။
"နင် နဲ့ ငါ လင်မယားပဲ မာနတွေ မထားပါနဲ့လား စံရယ်..နင်တို့လည်း လိုက်မယ်ဆိုတော့ ငါ အရမ်းပျော်တယ်…ငါ တစ်ယောက်တည်း ပြန်ရမှာ အရမ်းကြောက်နေတာ…ကလေးတွေ မတွေ့ရတော့မဲ့ မနက်ဖြန် အကြောင်းတွေးတိုင်း ငါ အသက်ရှုလို့ မရအောင် မွန်းကြပ်နေတယ်…ကျေးဇူး…ကျေးဇူးတင်ပါတယ်…စံရယ်…"
"ဟင့်…ငါ….ငါ …မသိဘူး…ရူးချင်နေပြီ…နင်ပြန်ရင် ခေါ်သွားပါနော်…ငါတို့ အိမ်ကို ပြန်ကြမယ်…ကျွန်းမှာ တဲနဲ့နေလည်း ရပါတယ်…ငါနဲ့ သားကိုတော့ မခွဲလိုက်ပါနဲ့…ငါတို့ သားအမိ သုံးယောက်ကို နင်တာ၀န်ယူနိုင်တယ်မလား…"
"စံရယ်.."
အနိုင့် ဆီက စို့နစ်ကြေကွဲသံထွက်လာပြီး ပခုံးကို ဆွဲဖက်ခါ   ခေါင်းကို နမ်း နေတာ သိလိုက်တော့ မျက်ရည်တွေက ခေါင်းစဉ်တပ်လို့ မရအောင် စီးကျသွားသည်..။
သားကလည်း ကစားစရာတွေကို ချထားခဲ့ပြီး ကွပ်ပျစ်ပေါ် ရောက်လာခါ အမေ နဲ့ အဖေ ကို မော့ကြည့် အကဲခတ်နေသည်..။
"လာ…အက်ဒမန်လေး…"
စံလေး လက်ကမ်းလိုက်တော့ အနားမှာ ပုံခနဲ့ ထိုင်ချလိုက်တာမို့ ဖက်ခါ ပါးလေး ကို ငုံ့နမ်းပေးလိုက်သည်..။
ပတ်၀န်းကျင်က ဘာလိုမြင်မြင် ဒီလိုလေးပဲ နေပါရစေတော့…။
.
"ကိုဝြကီး.."
"ဟေ…"
"ကို ဝြကီးမှာ ကလေးတွေ ရှိတော့ ဒီပစ္စည်းတွေ အသုံး၀င်မလား မသိဘူး.."
"ဟာ..၀င်တာပေါ့…ကလေး လေးယောက်တောင် ဟ…ငါ့ အစ်ကို ကလေးတွေပါ ဆော့လို့ရပြီ ဟား..ဟား…"
သားနဲ့ သမီး ကို သူ့အဖေ အခန်းထဲမှာ ထားခဲ့ပြီး ဖွားဖွားနေတဲ့ အခန်းကို ပြန်ရှင်းပေးခဲ့ဖို့ ပြင်ဆင်နေရသည်..။
အနိုင်က "ပစ္စည်းတွေ မသယ်ပါနဲ့ အခန်းပြောင်းတော့ ဟိုမှာ သားပစ္စည်းတွေကိုနေရာရွေ့ထားပါတယ်"လို့ ပြောတော့ နမျောပေမဲ့ ပေးခဲ့ရတော့မည်..။
သားရဲ့ ကစားစရာတွေ ကို ပုံးတစ်ခုထဲ ထည့်ပြီး ကိုဝြကီး ကို သွားပေးတော့ ကျေးဇူးတင်ခါ သယ်သွားတော့သည်..။
"ညီမလေး.."
"မမ.."
"တော်တယ်.."
မမ က အခန်း၀မှာ လက်မထောင်ပြီး အသိအမှတ်ပြုနေပေမဲ့ စံလေး သက်ပြင်းချရင်း စိတ်လေးလံစွာဖြင့်…
"မသိတော့ပါဘူး မမရယ်…"
"မသိလို့ မရဘူးလေ…မမ လည်း အလုပ်အားရင် လာလည်မှာပါ…ဆွေမျိုးသားချင်းဆိုတာ ဝေးနေရင် တအားချစ်ကြတာ….အနိုင်ကလည်း အလိုလိုက်တော့ ညီမလေး ပျော်ရမှာပါ…နော်…"
"မမငွေ…ထီးရိုးတွေ ရပြီ…"
"အေ့…လာပြီ.."
မမ  က အလုပ်မအားလို့ လက်ပြပြီး ပြန်ထွက်သွားတော့ စံလေး အ၀တ်တွေကို ခေါက်ခါ သိမ်းဆည်းနေရသည်..။
"မလှလေးရေ…"
"ရှင်.."
"ဟို…ခဏလာပါဦး.."
"ဟုတ်.."
ထီးရွက်တွေ ကော်ခြောက်အောင် လှန်းနေတဲ့ မလှလေးက ထဘီပြင်၀တ်ပြီး မီးဖိုချောင်က တက်လာတော့ အခန်းဘက်ကို ခေါ်ခဲ့ရသည်..။
"မလှလေး အစ်မ မီးဖွားထားတာမလား…အဟောင်းပေမဲ့.."
"အိုး…ပေးမလို့လား….ကျေးဇူးတင်တာပေါ့…"
"ဟုတ်ကဲ့…"
"ဒါနဲ့ ပစ္စည်းတွေသိမ်းနေတော့ ဘယ်သွားကြမလို့လည်း…"
"ကျွန်မတို့ ပြန်တော့မယ်…"
"ဟယ်..ဟုတ်လား..၀မ်းသာလိုက်တာ…"
"ရှင်.."
"အဲ…ပြန်မယ် ၀မ်းသာတာ မဟုတ်ပါဘူး..ကလေးတွေ အတွက် ပျော်လို့ပါ…ကျွန်မ အထင်လွဲခဲ့တာတွေလည်း တောင်းပန်ပါတယ်နော်…မစံ ယောင်္ကျားကိုလည်း တကယ် အားနာပါတယ်…"
"ဟုတ်ကဲ့…ရပါတယ်.."
"မိသားစုဆိုတာ  အတူတူ ရှိနေမှ ပျော်ဖို့ကောင်းတာလေ…ကောင်းတယ်…သိလား…အလုပ်ရုံထဲက တို့တွေက မစံတို့ မိသားစု ပြန်ပေါင်းစေချင်တာ..ခုတော့ ဆုတောင်းပြည့်သွားပြီ…"
"ကျေးဇူးတင်ပါတယ်…"
သမီး မွေးခါစတုန်းက ပါလာတဲ့အ၀တ်အစားသေးသေးလေးတွေနဲ့ အနှီးတွေ အခင်းတွေကို အိတ်ထဲ ထည့်ပြီး ချည်ခါ မလှလေးကို ပေးလိုက်ရသည်..။
"မလှလေး ပုခက်တို့ အုပ်ခြင်းလေးတို့လည်း လိုရင် ယူသွားပါ.."
"အိုး…စျေးကြီးနံကြီး မ၀ယ်နိုင်ပါဘူးအေ…ယူမယ်…ယူမယ်…"
စံလေး ချိတ်ထားတဲ့ ပုခက်လေးကို ဖြုတ်ပြီး အုပ်ခြင်းလေးကိုလည်း ခေါက်ပြီး ချထားလိုက်သည်..။
ကိုယ်ရောက်လာတုန်းက ဒီအခန်းထဲမှာ ခုတင်လေးပေါ် ဖျာတစ်ချပ် ခေါင်းအုံး တစ်လုံးတည်းနဲ့ သပ်ရပ် သန့်ရှင်းနေတာမို့ သန့်ရှင်းရေး အစအဆုံး ပြန်လုပ်ဖို့ လိုသည်..။
စံလေး မလုပ်နိုင်တဲ့  ကြမ်းတိုက်တာတို့ စောင် ခြင်ထောင် လျှော်တာတို့ကိုလည်း မလှလေးက အားလုံး မြန်မြန်ဆန်ဆန် ကူလုပ်ပေးသွားသည်..။
"ဟဲ့…ဟဲ့…ဒါတွေက ဘယ်လို ဖြစ်တာလည်း.."
"……"
စံလေး ပြတင်းပေါက် လိုက်ကာလေးတွေ တပ်နေချိန်  ဒေါ်လေး ရောက်လာခါ အခန်းထဲမှာ ပြောင်သလင်း ဖြစ် နေတာကို ကြည့်ရင်း မေးတော့သည်..။
"စံ…စံလေး…ပြန်တော့မယ်..ဒေါ်လေး.."
"ဘာ…"
"……."
"အမလေး..ကြားလို့ကောင်းရဲ့လား…"
"စံလေး..တောင်းပန်ပါတယ်…ဒေါ်လေးရယ်…ကလေးတွေ အတွက် စဉ်းစားပြီး …"
"အမလေး…လူကြားကောင်းအောင် ကလေးတွေကို အကြောင်းပြမနေစမ်းပါနဲ့အေ….နင့်ကိုက မပြတ်နိုင်တာ အသိသာကြီး…ငါ့မှာတော့…လူကြမ်းမကြီးကို ဖြစ်လို့…ဒါကြောင့် ကြားသုံးကြား မပါနဲ့ လို့ပြောတာ…ငါ့မှာတော့ တူမလေး ဘက်ကနာပြီး.."
"ဟင့်..ဟင့်…"
စံလေး မခံစားနိုင်လို့ ဒေါ်လေးကို ဖက်ပြီး ရင်ခွင်ထဲ တိုး၀င်ခါ ငိုမိပြန်ပါပြီ..။
ဒေါ်လေး အပေါ်လည်း မတရားသလို ခံစားနေရတော့  ကိုယ့်ဆုံးဖြတ်ချက်တွေက ေ၀၀ါးလာသည်..။
ကလေးတွေ ရှေ့ရေး အတွက်ဆိုရင် သွားမှ ဖြစ်မို့ပါ ဒေါ်လေးရယ်လို့ စိတ်ထဲက အထပ်ထပ် တောင်းပန်မိသည်..။
"ဒေါ်လေး ကို စံလေး အရမ်းချစ်ပါတယ်….ဟင့်….စံလေး ငါးတန်း အရွယ်ကတည်းက ဒေါ်လေး ဆီမှာ နေခဲ့တာ…စံလေးရဲ့ မေမေပါပဲ…ကျောင်းမှာ အမေ ခေါ်လိုက်တိုင်း ဒေါ်လေးကို မေမေ လို့ပဲ ပြောခဲ့တယ်…စံလေး မလိမ်မာလို့ ဒေါ်လေး စိတ်ဆင်းရဲရတာ လည်း အရမ်းသနားတယ်…ဒေါ်လေး ပင်ပန်းနေပြီ..မကြည့်ရက်ဘူး..အခုလို ထွက်သွားတာ ငါ့ရင်ကို ခြေစုံကန်ပြီး ထွက်တယ်လို့ မသတ်မှတ်ပါနဲ့ ဒေါ်လေးရယ်…ဒေါ်လေးက စံလေး ရဲ့ အမေ ပဲမို့ ဒေါ်လေး မကျေမနပ် ဖြစ်နေရင် စံလေး မသွားချင်ပါဘူး…ဒါပေမဲ့…သား နဲ့ သမီး က သူ့အဖေ ကို လိုအပ်နေတယ်…ဒေါ်လေးရယ်…စံလေး မှာလည်း..သားနဲ့သမီးကို ခွဲနေနိုင်ဖို့ သတ္တိမရှိလို့ပါ…နော်… …စံလေး ကို ချစ်တယ်မလား…ဒေါ်လေးခွင့်မပြုပဲနဲ့ မသွားချင်ဘူး..ဒါပေမဲ့ …သားနဲ့ သမီးမရှိရင် စံလေး သေရလိမ့်မယ်….စံလေး….ဟင့်..ဟင့်….ရူးသွားလိမ့်မယ်…ဒေါ်လေးရယ်….ဒေါ်လေး ကို စိတ်ဆင်းရဲအောင် လုပ်တဲ့ သမီးမိုက်ကို ခွင့်လွတ်ပါ….ထုရိုက်ပြီး ဆုံးမလိုက်ပါ ဒေါ်လေးရယ်…ဟီး…"
စံလေး ငိုရှိုက်ခါ ပလုံးပထွေး ပြောမိတော့ဒေါ်လေးကလည်း မျက်ရည်သုတ်၍ စံလေး ကို ဆွဲဖက်ပြီး ကျောကို ပုတ်ပေးရင်း…
"ဟင်း…ငါက မာနသိပ်ကြီးတာ…ငါ့တူမလေးကို သနားတယ်…နင့်ကို သမျောလို့ မပေးလိုက်ချင်သေးဘူး.."
"ဟင့်…"
"ဒါပေမဲ့ နင့်မှာက သားတွေ သမီးတွေရှိလာပြီပဲလေ…နင့်ကို ပိုင်တဲ့သူက ပြောင်းသွားပြီ်ဆိုတော့လည်း သွားပေါ့အေ…နင်က ငါ့စကားကို ဘယ်တုန်းက မှ နားမထောင်ခဲ့ပါဘူး…ငါ့စကား နားမထောင်ပဲ ဖုန်းနှိပ်လို့ အခုလို ဒုက္ခရောက်တာမလား..ဟင်.."
စံလေး မျက်ရည်တွေကို သုတ်ပေးရင်း ကျောကို ရိုက်ခါ မေးတော့ ခေါင်းညိတ်ပြရင်း မျက်ရည်တွေက ပိုတိုးလို့ကျလာသည်..။
"ခုတော့ ဟိုးအဝေးကြီးကိုသွားရတော့မယ်…ငါလည်း မလာနိုင် နီးလည်းမနီး ဟင်…"
"ဟင့်…ဟီး….."
"သွား..သွား…ဒါမှ နင်လည်း စိတ်ချမ်းသာရမှာ…ငါလည်း တစ်နေ့တစ်နေ့ ပူလောင်နေရတာ ပျောက်မှာပါအေ…အမေ ပြောသလို ပဲ  နင်ယောင်္ကျားရကတည်းက ငါတို့က သူစိမ်းတွေ ဖြစ်သွားပြီ…"
"………."
"… တစ်ခါတစ်ခါ သတိရရင် အဆင်ပြေရင် လာလည်ပေါ့လေ…"
"ဟုတ်…."
"ကဲကဲ…ငိုထားတာလည်း မျက်နှာတွေ ပိတ်နေပြီ…ဖွားဖွားကိုကော ပြောပြီးပြီလား.."
"ဟုတ်…"
"အမေကတော့ အစကတည်းက ရွှေပြည်အေး တရားဟောနေတာဆိုတော့ သဘောကျနေမှာပေါ့လေ…"
"အဟင့်…ဟီး…"
"ဟဲ့…ငိုမနေနဲ့…ခရီးသွားခါနီး လာခါနီး မကောင်းဘူး…တိတ်…တိတ်….ဒေါ်လေးတို့လည်း ဖုန်းဆက်မှာပေါ့…ဘယ်အချိန် သွားမှာတုန်း.."
ဒေါ်လေးက စံလေး မျက်ရည်တွေ သုတ်ပေးရင်း ကျောပုတ်ခါမေးတော့ ရှိုက်သံကို မြိုချလိုက်ခါ…
"ညနေ ကားနဲ့ သွားမှာပါ.."
"ကောင်းပါတယ်…နေအေးတော့ ကလေးတွေနဲ့ အဆင်ပြေတာပေါ့…ဟိုသတ္တဝါကိုရော ပြောပြီးပြီလား…"
"…...."
စံလေး မျက်ရည်သုတ်ရင်း ခေါင်းညိတ်ပြလိုက်တော့ ဒေါ်လေး က နှုတ်ခမ်းမဲ့ မျက်စောင်းထိုးရင်း
"မျောက်သတ္တဝါ….ဒင်းက တော့ အနိုင် ကိုး.."
"ဟုတ်…သူ့နာမည်က အနိုင်ပါ.."
"ဟဲ့….ကျုပ်ပြောတာက ကျုပ်တူမကို မ သွားလို့ အနိုင်ရသွားတယ် ပြောတာဟဲ့..လင်တရူးမ လင့်ဘက်ကချည်းပဲ.."
ဒေါ်လေးက ခပ်ငေါက်ငေါက် ပြောပြီး ရန်တွေ့တော့ ဒီတစ်ခါ မျက်ရည်များကြားက ရယ်မိတော့သည်..။
ဒေါ်လေးရယ်….သားသမီးရူးတာဆို ပိုမှန်ပါဦးမည်..။
"ကလေးတွေ အတွက်လည်း အားလုံး အဆင့်သင့်ပြင်သွားချေ…ဒေါ်လေး အလုပ်တစ်ဖက်နဲ့ တာ၀န် မကျေနိုင်ခဲ့တာတွေကို ခွင့်လွှတ်နော်…"
"မဟုတ်တာ… စံလေးတို့ကြောင့် ဒေါ်လေး အရမ်းပင်ပန်းခဲ့တာ မသိတက်ခဲ့လို့ ခွင့်လွှတ်ပါ…"
"လောက ဓမ္မတာ အတက်အကျ သဘောတွေကြောင့်ပါအေ…အလုပ်သမားနေရာမှာ ကိုယ်တိုင်ဖြစ်သွားတော့ ငါ့တူမလေးကို လည်း ဆူငေါက်မိတယ်…အရမ်းစိတ်ညစ်ခဲ့မှာပဲနော်…ဖြစ်သမျှ ကောင်းပါတယ်….ကိုယ်ချစ်တက် သူချစ်က ပိုကောင်းမှာပါလေ…အရင်အခြေအနေသာဆို ငါ့တူမ နဲ့ ငါ့မြေးတွေကို မိငယ်တို့ စင်ထိုးတောင် ထားလိုက်ချင်သေး…"
"စံလေး သိပါတယ်…ဒေါ်လေးရယ်…"
"ကဲ…ကဲ…လုပ်တော့အေ…"
"ဟုတ်.."
ဒေါ်လေး အခန်းထဲက ထွက်သွားတော့မှ စံလေး လုပ်လက်စ လိုက်ကာတပ်ခြင်း ကို အဆုံးသတ်ခါ အခန်းလေးကို တစ်ပတ်ဝေ့ကြည့်မိသည်..။
ဒီအခန်းလေးထဲမှာ အနိုင့်ရဲ့ ဖခင်တစ်ယောက် မေတ္တာတွေ အဒေါ်အပျိုကြီး တစ်ယောက်ရဲ့ တူမကို ချစ်စိတ်အတ္တတွေ ခင်ပွန်း တစ်ယောက်ရဲ့ သည်းခံမြိုသိပ် နိုင်မှုတွေ ပြည့်နှက်နေပါသည်..။
ဒီအခန်းလေးက ပေးလိုက်တဲ့ သင်ခန်းစာတွေကြောင့် အနာဂတ်နေ့ရက်တွေမှာ အားလုံး ပျော်ရွှင်အောင် ကြိုးစားရဦးမည်..။
.
"ဟဲ့..နို့ဘူးထည့်ပြီးပြီလား.."
"ဟုတ်.."
"နို့ဘူး အဆင်မပြေလည်း နို့ပဲ တိုက်ပေါ့.."
"ဟုတ်ကဲ့.."
"ဟဲ့…ငုဝါရေ…ငါးခြောက်ကြော်ဘူး ပါပြီလား.."
"ဟုတ်ကဲ့..ထည့်ထားပါပြီ…"
"ငပိထောင်း နဲ့ ပုစွန်ချည်ကော…"
"ငှက်ပျော်ဖက် နဲ့ ထုတ်ပြီး ဆွဲခြင်းအောက်ဆုံး ထည့်ထားပါတယ်…"
"အေး..အေး…ငပိထွက်တာချင်း တူပေမဲ့ ဧရာ၀တီက ရေချိုငပိဟဲ့.."
ဒေါ်လေးက စံလေးတို့ ယူသွားလို့ရအောင် အမှီ လုပ်ပေးတာ ငါးခြောက်ကြော်တွေကော ငါးပိ ပုစွန်ချည်တွေကော စုံနေပြီ..။
ရေထွက်ပစ္စည်းတွေ ဟိုမှာလည်း ပေါပါတယ် ဆိုတော့မှ ပုစွန်ခြောက်တွေ ငါးခြောက်ပြားကြီးတွေ ပြန်ယူထားတာပါ..။
စံလေးမှာ အ၀တ်အစားက နည်းနည်း လက်ဆောင်ပစ္စည်းတွေကများများ ဖြစ်နေသည်..။
သားသားနဲ့ သမီး ကို အ၀တ်အစားလဲပေးပြီး စံလေး လည်း ရေချိုး အ၀တ်အစားလဲရပြန်သည်..။
ဒေါ်လေးက စာရင်းနဲ့ တူတူ ပိုက်ဆံတွေသေချာ ပြန်အပ်တော့ စံလေး ငိုမိတော့သည်..။
ဒေါ်လေးကို အထင်လွဲလို့ မေးမိတာ မဟုတ်ပါဘူး တောင်းပန်ပေမဲ့ အစကတည်းက ဒီလို စာရင်းလုပ်ထားတာပါလို့ ပြောခါ အတင်းပြန်ပေးသည်.။
"အနိုင်…"
"ဟင်…လှလိုက်တာ…"
စံလေးမှာ စိတ်ဆင်းရဲနေရပေမဲ့ သူ့မှာတော့ သမီးကို ကွပ်ပျစ်ပေါ်တင်ပြီး ဆော့နေတာ အတော်လေး ပျော်နေသည့်ပုံပါပဲ…။
"ကလေးတွေကို မဆော့ခိုင်းနဲ့တော့လေ…."
"ခုံပေါ်မှာပါပဲ…ဘာမှ မဖြစ်ဘူး.."
"ရော့…ဒီမှာ စာရင်း သားနဲ့  သမီး အသုံးစရိတ်ပဲ ထည့်ထားတယ်…ဒေါ်လေးက စာရင်းနဲ့ ပိုတဲ့ငွေ ပြန်ပေးတယ်…ခြောက်သိန်းသုံးသောင်းလောက်ပဲ ကုန်တယ်…"
"အိုး…အိုး..ဘာဖြစ်လို့ ယူလိုက်တာလည်း စံ…"
အနိုင် က မျက်လုံးပြူးရင်း ပျာပျာသလဲ ပြောတော့ စံလေး ခေါင်းရမ်းရင်း စိတ်ပျက်စွာ ကွပ်ပျစ်ပေါ် ထိုင်ချလိုက်မိသည်..။
"ငါ့ ပိုက်ဆံ မဟုတ်ပေမဲ့ ငါလည်း ပေးပါတယ်….ဒေါ်လေးက လက်မခံဘူး…"
"မဖြစ်ဘူး..မဖြစ်ဘူး..ဒီပိုက်ဆံတွေကို ငါ လူကြီးမိဘလို သဘောထားပြီး ပေးခဲ့တာပါ…ငါ့ကို မုန်းလို့ လက်မခံတာ သိရင်တောင် သူတို့ကို ပေးခဲ့ဖို့ ဆုံးဖြတ်ပြီးသား သွားပေးလိုက်ပါ စံရယ်…"
"အိုး…ပေးတာပဲ…ရမှ မရတာ…နင် သွားပေးပါလား.."
စံလေး ဒေါသထွက်လာလို့ လှည့်အော်လိုက်တော့မှ သက်ပြင်းချ၍ နှုတ်ခမ်းကိုက်ခါ စဉ်းစားနေတော့သည်..။
"ငါသွားပေးရင်လည်း ဒေါ်လေးဝါးရင်းတုတ်နဲ့ ရိုက်ခံရလို့ သေလိမ့်ဦးမယ်…"
"အဟွင်း.."
"ဒေါ်လေးကတော့ လက်ခံမှာ မဟုတ်ဘူး…ဖွားဖွားလည်း ယူမှာ မဟုတ်ဘူး…ဖွားဖွား ခေါင်းအုံးအောက်ထည့်ခဲ့လေ…ဒါမှ မဟုတ် ဖွားဖွား ပိုက်ဆံသိမ်းတဲ့နေရာမှာ ထားခဲ့…အဲဒါမှ ရမယ်…"
"နင်ကကော ဘာလို့ ပြန်မယူတာလည်း…အတုတွေ မို့လို့လား.."
"ဟာ…ဟုတ်မလား….အစစ်တွေပါ တစ်သောင်းတန် အသစ်ကလေးတွေကို ပြောရက်လိုက်တာ…"
"ငါ့မှာ ဒီနှစ်ရက်အတွင်း စိတ်ရှုပ်စရာတွေလည်း များလိုက်တာဟာ…."
"အိမ်ရောက်ရင် မိန်းမ လုံး၀ နား…အခုတော့ သွားထားလိုက်…ဖွားဖွား အလုပ်ရုံထဲ ရောက်နေတယ်…"
စံလေး သက်ပြင်းချရင်း ပိုက်ဆံကို ပြန်ယူလာခါ အိမ်ပေါ်ရောက်တော့ အပေါ်ထပ်ကို ခိုးတက်ရသေးသည်…။
အနိုင်က ပေးလိုက်ဖို့ ပြောတော့ ငြင်းနေရပေမဲ့ ဖွားဖွား အံဆွဲထဲ တစ်ထောင်တန် ငါးသောင်းလောက်ပဲ ရှိတာ တွေ့တော့ စိတ်မကောင်းဖြစ်ရသည်..။
လူကြီးတွေမှာ ငွေရေးကြေးရေးခက်ခဲနေတာကိုတောင် သတိမထားမိပဲ စံလေးတို့ သောင်းကျန်းချက်က ကမ်းကုန်နေပါပြီ..။
ဒီတိုင်း ထည့်ပေးရင် ဒေါ်လေးတို့ကို လျှောက်မေးနေမှာ စိုးလို့ ဘေးမှာ ဘယ်သူပေးလို့ ဖောက်ထားမှန်းမသိသည့် ကန်တော့ငွေ စာအိတ်ခွံလေးကို ကောက်ခါ ပိုက်ဆံထည့်၍ ထားခဲ့လိုက်သည်..။
ဖွားဖွားက အသက်ကြီးတော့ သတိမေ့တာများသည်မို့ တစ်ယောက်ယောက်ပေးတာလို့ပဲ သိမှာပါ…။
တစ်ချိန်တုန်းက အံဆွဲအပြည့် ရှေးဟောင်းလက်ရာ ဒေါင်းဘယက်တို့ လည်တုံတို့လည်း မတွေ့တော့ဘူး..။
ဖွားဖွားရဲ့ ညီမလေး အပျိုကြီးဖြစ်သူ ဖွားဖွားလေး ဆေးရုံတက်ရတာလည်းကြာသည်ကိုး..။
စံလေး သက်ပြင်းချရင်း အလိုက်မသိတက်တဲ့ ကိုယ့်ကြောင့် ဖွားဖွားနဲ့ ဒေါ်လေးကို အားနာ သနားမိသည်..။
ဟူး…အနိုင်က စိတ်မနာတက်လို့ တော်ပါသေးရဲ့လေ..။
.
"စံ.."
"ဟင်.."
"ထီးလေး တစ်လပ်လောက် ယူသွားရအောင်.."
"အိုး.."
"ယူသွားလေ…မြေးရဲ့…"
"ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်…ဖွားဖွား.."
ထီးရုံထဲ ၀င်ပြီး ထီးတွေကို စိတ်ကြိုက်ရွေးခါ အဖြူခံနဲ့  အနီပွင့်ဆွဲထားတဲ့ ဆယ်လက်မ ဆိုဒ် ထီးတစ်ချောင်း ကို ဖွင့်ပြီး ဆောင်းကြည့်သေးသည်..။
"ဒါပဲ ယူမယ်.."
"ဟဲဟဲ…ဘိတ်သား ရွေးတက်သားပဲ.."
"အမလေး ရွေးတက်လို့ပဲ…ကျုပ်တို့သူငယ်ချင်း ပုသိမ်သူ ချောချော ကို လွယ်လွယ် ခေါ်သွားနိုင်တာပေါ့အေ…"
"ဟား..ဟား…မနည်းခေါ်ရတာပါဗျာ…"
"အေးပါ….အလုပ်အားရင်လည်း လာပေါ့…နောက်တစ်ခါလာရင် ထီးလက်ထိုးနည်း သင်ပေးမယ်.."
"ဟုတ်ကဲ့.."
ကျောပိုးအိတ် တစ်လုံးလွယ်၍ ထီးကိုင်ပြီး ထွက်လာတဲ့ ဒင်းကို မျက်စောင်းပြင်းပြင်းထိုးပစ်လိုက်ခါ မစောင့်ပဲ ရှေ့ကနေ လျှောက်လာခဲ့လိုက်သည်..။
"အဖြူလေး ယူလိုက်တယ်…ဟဲဟဲ.."
"ဘိတ်သား လိုလို ဘာလိုလို နဲ့…ပြောလိုက်ပါလား..ဧရာ၀တီသားလို့…"
"ဧရာ၀တီသားပေမဲ့ ဘိတ်က မွေးစားထားလေ…ငါ ရောက်ခါစ စကားဝဲလို့ သိသွားတာပါ…"
'နင်နော်…မျက်နာရူးလို လုပ်မနေနဲ့ဒေါ်လေးက ကြည်တာ မဟုတ်ဘူး.."
"ဟိဟိ ပျော်လွန်းလို့ပါ စံရယ်..ရင်ဘတ်ကို ကိုင်ကြည့်ပါလား…"
စံလေး လက်ကို ဆွဲပြီး ရင်ဘတ်ပေါ်တင်တော့ တွန်းပစ်လိုက်ခါ မျက်စောင်းဝဲရင်း ခပ်ခွာခွာက လျှောက်ရသည်..။
" သွားခါနီးလာခါနီး ထီးရုံမှာ သွားနှုတ်ဆက်ရအောင် နင့် အမျိုးတွေလား.."
'မိန်းမ ပစ်ထားတုန်းက သူတို့ပဲ ကြင်နာယုယတာလေ…"
သူနဲ့ ယှဉ်ပြောမိတာ ကို က အမှားမို့လို့ စံလေး ထဘီစကပ်တုတ်နေတာကို လက်က ဖြည်းဖြည်းမခါ သွက်သွက် လျှောက်ရသည်..။
"ဟိုကောင်…ငါ့တူမကို ဂရုစိုက်နော်.."
'ဗျာ…ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်..ဒေါ်လေး.."
"ဘာ….ငါ့ကို ရွဲ့တာလား.."
"ဟာ…ဟို…မဟုတ်..မဟုတ်ပါဘူး..ဒေါ်လေး ဆီမှာ နေခွင့် စားခွင့် ရတာကို ကျေးဇူး.."
"တော်..မပြောနဲ့…"
"ဟုတ်ကဲ့…ဖွားဖွား ပြန်မယ်နော်…"
"အေး..မြေးလေး..လမ်းခရီးမှာ အဆင်ပြေချောမွေ့ပါစေ…"
"အဲ့…အဲ့…"
"ဟော…လာပါဦး..မြစ်လေးရဲ့…."
သမီးလေး ငိုတာကို ဖွားဖွားက ချီပြီး ချော့ခါ ပါးလေးကို နမ်းပေးသည်..။
သားသားက ဂျင်းဘောင်းဘီနဲ့ စပို့ရှပ်ကလေး ၀တ်ထားခါ ဦးထုပ်ဆိုက်ဆောင်း၍ ခြံထဲမှာ ခေါက်တုန့်ခေါက်ပြန် လျှောက်နေသည်.။
"သား ဆီမှာ အဘွားရဲ့ မြေးလေး နဲ့မြစ်လေးတွေ ကို အပ်လိုက်မယ်နော်.."
"ဟုတ်ကဲ့ စိတ်ချပါ ဖွားဖွား…"
"ခရီးနားရင် အကြောင်းကြားဦးနော်…ကလေးသေးသေးတွေနဲ့ သွားရလာရတော့...ဖွားဖွားတို့က စိတ်ပူနေမှာလေ…"
"ဟုတ်ကဲ့…ကျွန်တော် ဖုန်းဆက်လိုက်ပါ့မယ်…"
"ညီမလေးရေ…ကားရောက်ပြီ.."
"ဟုတ်ကဲ့..မမ.."
မမ က ကားငှားပေးပြီး တော့ ခြံထဲမှာ လမ်းလျှောက်နေတဲ့ သားကို ချီခါ နမ်းပြီး နှုတ်ဆက်သည်…။
သားသား ကို နမ်းခိုင်းတော့ ပြန်နမ်းပြီး သူ့လက်ထဲက ပန်းပွင့်ကြွေတွေကိုပါ လက်ဆောင်ပေးနေသေးသည်..။
"ချစ်ဖို့ကောင်းလိုက်တာ..တီတီငွေ့ဆီ ဖုန်းဆက်နော် သားသား.."
"အုတ်ကဲ့…."
"အက်ဒမန်လေး လာလည်ရမယ်နော်…"
"…"
ထီးရုံထဲက ကောင်မလေးတွေလည်း နှုတ်ဆက်တော့ သားက ခေါင်းကို အချက်ပေါင်းများစွာ ညိတ်ပြနေလို့ တစ်မိသားစုလုံး ရယ်သံတွေ လွှမ်းသွားသည်.။
"မမလည်း အားရင်လာမယ် မလား.."
"မဟုတ်တာ…"
"ဟင်…"
"မအားလည်း လာပါ့မယ်…အနိုင်…ငါ့ ညီမလေး ကို သေချာ ဂရုစိုက်နော်…"
"ဟုတ်ကဲ့…"
"ကဲ…ကဲ…လာ…"
စံလေး ကားပေါ် မတက်ခင် ပတ်၀န်းကျင်က လူတွေလည်း ထွက်ကြည့်တော့ နှုတ်ဆက်ပြီး မှ ကားပေါ် ရောက်တော့သည်..။
"သွားပြီ…သားသား တာ့တာ ပြလိုက်ဦး.."
သားက သူ့အဖေ ကိုယ်ပေါ်မှာ ထိုင်ရင်း လက်ပြ  နှုတ်ဆက်တော့ စံလေး ကို ချစ်တဲ့သူတွေ စံလေး က ချစ်ရတဲ့ သူတွေ အားလုံး ပြုံးရင်း လက်ပြ သည်..။
အချစ်ချင်းတူရင်တောင် သားသမီးကို ချစ်တဲ့ စိတ်က ပိုတယ် ဆိုတာ လက်ခံလိုက်ရတော့မည်..။
"ဟာ..ဘာတွေလည်း.."
စံလေး တို့ လမ်းထိပ်ပေါ်ကို ရောက်တော့ နွားလှည်းတွေကို သွားနေတာကို မြင်ပြီး အနိုင်က လှမ်းကြည့်ခါ မေးသည်…။
"ရှမ်းကုန်သည် လှည့်နေတာပဲ..နင်တော့ မြင်ခွင့်ရတာ ကံထူးတာပဲ…တစ်နှစ်မှ တစ်ခါလှည့်တာလေ…"
"ရှမ်းကုန်သည်.."
"အင်း…လှည်းပေါ်က ကောင်မလေးတွေက ရှမ်းမလေးတွေပေါ့…"
'မဟုတ်ပါဘူး..ပုသိမ်ထီးတွေနဲ့လေ…"
'ကျစ်…ဘုရားပွဲလှည့်တာဟဲ့…နိဂြောဓါ ဗျာဒိတ်ပေး ဘုရားပွဲလို့လည်း ခေါ်တယ်…နင်တို့ နှစ်ချိတ်ရှစ်ဆူ ဘုရားပွဲလိုပဲလေ…ဘုရားရှင် က ရဟန်းအပါး ၁၀၀ ကျော်နဲ့ ရာဇဂြိုလ်ပြည်ကို ကြွမြန်းတဲ့ အခန်းလေ… ရှမ်းကုန်သည်တပ်လည်း ပါတယ်…"
"သြော်…နွားလှည်းတွေ ဆင်ထားတာ လှတယ်နော်…အညာကို ရောက်သွားသလိုပဲ…"
"ငါတို့ ငယ်ငယ်ကဆို ရှေ့တော်ပြေးတွေကို သဘောကျတယ်…စက်ဘီးမှာ ရောင်စုံ စက္ကူတွေ ပတ်ထားတာ…ညဆို မီးရောင်စုံလည်း လင်းသေးတယ်…ရှေ့တော်ပြေးတွေ အများကြီးပဲ အခုတော့ သိပ်မရှိတော့ဘူး…"
"ကောင်မလေးတွေ အများကြီးပဲနော်.."
"အဲဒါပဲ ငမ်းနေတယ်…"
"ဟာ..မဟုတ်ဘူးလေ…လှည်းပေါ်မှာ ကောင်မလေးတွေချည်းပဲလို့…လှည်းတန်းကလည်း မဆုံးဘူး.."
"ဘုရားကားတွေက အရှေ့ရောက်သွားပြီ…"
"သြော်…ဟိဟိ….ပုသိမ်သူတွေ အများကြီး တွေ့ရတာပေါ့…"
"နှာဘူးကောင်.."
"အက်ဒမန်….သားတွေ့လား..ကောင်မလေးတွေ…"
"အွံင့်.."
"လှတယ်နော်…"
"အွင့်..လှရယ်.."
"ဟား…ဟား…"
သားအဖ နှစ်ယောက်စလုံးကို မျက်စောင်းထိုးပြီး မဆုံးသော လှည်းတန်းကြီးကို ကြည့်ခါ ငယ်ဘဝတွေကို အမှတ်ရမိသည်..။
ရှမ်းကုန်သည် လှည့်တဲ့နေ့ဆို မနက်ထမင်းစောစော စားပြီး လမ်း၀ ထွက်ရပ်ခါ စောင့်နေသည်..။
မလာသေးပါဘူး ပြောလို့လည်း မရ တစ်ယောက်က စက်ဘီးနဲ့ ပြေးကြည့်လိုက် ဘယ်ရောက်နေပြီ လာပြောလိုက်ဖြင့် ရင်တခုန်ခုန် နဲ့စောင့်ရသည်..။
ဘုရားကားတွေ ဖြတ်ပြီ ဆိုတာနဲ့ ငါတို့ ဘုရားက နင်တို့ ဘုရားထက် ပိုလှတယ်လို့ ငရဲမကြောက်ပဲ ပြိုင်ရဆိုင်ရ ရန်ဖြစ်ရတာလည်း အမောပါပဲ…။
ဘုရားပွဲ ရက်ဆို မိဘတွေကို များများလှူဖို့ ပူဆာရ သေးသည်..။
ကိုယ့်ဘုရားက သူများရပ်ကွက်က ဘုရားလောက် ရွှေသင်္ကန်း မများရင် မလှပဲ နေမှာလည်း စိုးရိမ်ရသေးသည်..။
ဘုရားပင့်တဲ့ ရက်ဆို အိမ်မှာနေတာ နည်းနည်း ဘုရားမဏ္ဍုပ် မှာ ကျွေးသမျှ စားလိုက် ကစားလိုက် ဖြင့် အိမ်ကို အိပ်ချိန်မှ ပြန်ဖြစ်ကြသည်..။
ကျောင်းပိတ်ပိတ် မပိတ်ပိတ် ကျောင်းပြေးပြီးကို အရိုက်ခံသည်..။
ကိုယ့်ရပ်ကွက် ဘုရားမဏ္ဍိုပ် မှာ ကောက်ညှင်းပေါင်းကျွေးရင် စားပြီး နောက် ရပ်ကွပ် မဏ္ဍိုပ်မှာ အုန်းနို့သာကူ သွားသောက်သေးသည်..။
ဘုရားပွဲရက်ဆို သူငယ်ချင်းတွေနဲ့  အုပ်စုဖွဲ့ပြီး ကိုယ့် မဏ္ဍိုပ် မှာစားလိုက် တခြား မဏ္ဍိုပ်တကာ လိုက်စားလိုက်ဖြင့် ထမင်းလွတ်ကို နေနိုင်သည်…။
ဘုရားပွဲမှာ အာလူးကောက်ရင်း ဒူးဆုတ်ဖူးသလို ညဆို လူကြီးတွေ ကာရာအိုကေ ဆိုရင် ကလေး အချင်းချင်းကလည်း အတင်းတုတ်ရသေးသည်..။
ကြိုက်တဲ့သီချင်းခွေတွေ ရအောင်ရှာပြီး မိုက်ကိုင်တဲ့ လူကြီး ကို မျက်နှာချိုသွေးခါ ဖွင့်ခိုင်းရတဲ့ အခိုက်အတန့်ကလည်း ပျော်စရာလေးပါပဲ..။
ဘုရားပွဲ ပြီးသွားရင် တစ်မြို့ တိတ်ဆိတ်ခြောက်ကပ်သွားလို့ မနေတက်အောင် ဖြစ်ခဲ့ရတာလည်း လွမ်းစရာလေးပါပဲ..။
"စံ.."
"အင်.."
ကိုယ့်အတွေးနဲ့ ကိုယ် ကလေး ဘ၀ ပျော်စရာလေးတွေ ကြောင့် ပြုံးမိနေတာ သူခေါ်လိုက်တော့မှ အလန့်တကြားဖြစ်ရသည်..။
"ကားကြီးနဲ့ မသွားတော့ဘူး.ဒီအစ်ကို က လိုက်ပို့လို့ရတယ်တဲ့လေ…"
"ဟုတ်လား..ကိုအောင် အဆင်ပြေရဲ့လား.."
"ပြေပါတယ်…ညီမ အစ်ကို ရန်ကုန်ကို သံုးရက်တစ်ခါ တက်နေတာပဲ မောင်းတက်ပါတယ်.."
"မဟုတ်ဘူး..စံလေး ပြောတာ အကို အိမ်ကို မပြောခဲ့လို့…"
"ရတယ်….ဖုန်းဆက်လိုက်မယ် အစ်ကို မနက်ဖြန်မှ ပစ္စည်းတင်ပြီး ပြန်ဆင်းသွားလိုက်မယ်…"
"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်..အကိုရယ်…ကားကြီးဆို ကလေးတွေ နဲ့ဆိုတော့ သူများ အနှောင့်အယှက် ဖြစ်မှာ စိုးလို့ပါ…"
"အင်းရတယ်…ရတယ်…အားမနာနဲ့…"
စံလေး ပတ်၀န်းကျင်ကို ငေးနေရင်း တက္ကသိုလ် ကျော်လာခါ ပုသိမ်ဟိုတယ်လည်း ကျော်လာတော့ ငိုချင်လာသည်..။
အရုပ်ကြီးတွေ အဝိုင်းပတ်ကို ရောက်တော့ ထိန်းမရပဲ ငိုမိတော့သည်..။
ကားက အဝိုင်းပတ်စရာ မလိုပဲ ချိုးချပြီး ဆက်မောင်းလာတော့ အနောက်မှာ ကျန်ခဲ့တဲ့ အရုပ်ကြီးတွေကို လည်ပြန်ငေးမိသည်..။
ရွှေရောင် အရုပ်ကြီးတွေ က ကိုယ့်သွေးသား အရင်းအခြာ  နှုတ်ဆက်နေသလိုလို နောက်မှာ ကျန်ခဲ့တော့   ကျောခိုင်းထွက်လာတဲ့ ကိုယ့်ကိုယ်ကို အပြစ်ဖွဲ့ရင်း….
"ဟင့်…ဟီး…."
"စံရယ်…"
"ဟင့်..ဟင့်….အင့်…."
"နောက် လည်း လာလည် လို့ရပါတယ်….ငါ အလုပ်အားတာနဲ့ လိုက်ပို့မယ်..တစ်လ တစ်ခါ အိုး…ဆယ်ရက်တစ်ခါ ပြန်လည်း ရတယ်….နီးနီးလေးပါ….မြန်မာနိုင်ငံထဲမှာပဲလေ…"
"ဖဲ့ဖဲ့…ဖယ်…ဖယ်…ဖယ်း.."
"သားသား..ရှေ့မှာ ထိုင်မလား.."
"အွင်…"
သားက အနိုင့်ကိုပေါ်က ငိုပြီး ဆင်းတော့ ကားဆရာ ကိုအောင် က လှမ်းမေးတာကို ခေါင်းညိတ်ပြီး ရှေ့သွားဖို့ လုပ်နေသည်..။
သားက အရမ်းရဲသလို လူစိမ်းလည်းမကြောက်ပဲ စွန့်စားစပ်စုချင်စိတ်များလွန်းပါသည်..။
ငြိမ်ငြိမ် မနေပဲ ကားရဲ့ စက်ပစ္စည်းတွေကို စပ်စုရင်း ရှေ့ကိုပဲ လက်ညိုးထိုး ငိုနေတော့ ရှေ့ပို့ပြီး ခါးပတ် ပတ်ပေးလိုက်ရတော့သည်..။
"ဖဲ့ဖဲ့..."
"အေးပါ…မင်းပျော်ရင် ပြီးရော…"
ရှေ့ခန်းကနေ နောက်လှည့်ကြည့်ပြီး လက်ပြတော့ အဖေ ဖြစ်သူကလည်း ငြိမ်ငြိမ်ထိုင်နေဖို့ မပြောပဲ အားပေးနေသေးသည်..။
သားရဲ့ ပြဿနာရှာ ခုံရွေးချယ် ဂျစ်တိုက်ပွဲကြောင့် စံလေးမှာ မြို့ကို လွမ်းတဲ့စိတ် နှုတ်ဆက် ကြေကွဲနေရတဲ့ စိတ်တွေက ဘယ်လွင့်ပြယ်ကျန်ခဲ့မှန်း မသိ…။
"အဲ့…အဲ့…"
"လုပ်ပြန်ပြီ တစ်ယောက်…"
"ပေး..ပေး..လာပါဦး…သမီးရဲ့…ဟင်..ဘာဖြစ်လို့လည်း…"
"ဒိုဒိုလေး…သမီးလေး…ချစ်ဆုံးလေး…ဟင်…ဖဲ့ဖဲ့ ကို ပြောလေ…"
"ဂူး.."
စံလေး စိတ်မရှည်စွာ ပြောလိုက်တာနဲ့ သမီးကို လက်ပြောင်းချီပြီး မျက်နှာချင်းဆိုင် မြူနေတော့သည်..။
သမီးကလည်း အဖေ့ မျက်နှာကို တွေ့လိုက်ရရင် မရှိသေးတဲ့ သွားအစုံပေါ်လောက်အောင် ပြုံးပြရင်း စကားတွေ ပြန်ပြော နေသည်..။
"သား..အက်ဒမန်…ဘေးမှာကြည့်စမ်း ကျွဲကြီးတွေ့လား.."
"….."
ရှေ့က သားကိုလည်း လှမ်း သတိပေး စကားပြောနေတော့ သားက မှန်ကို ကိုင်ပြီး ခေါင်းစောင်း ကြည့်ရင်း ခေါင်းညိတ်ပြသည်..။
"ဖဲ့ဖဲ့…"
"ဟာ…မင်းကလည်း…ကိုယ့်အဖေကို ကျွဲနဲ့ နှိုင်းစရာလား.."
"ဟီ..ဟီး…"
"ဖဲ့ဖဲ့…မှ…ငက် ငက်…"
'အင်း…ငှက်ကလေးတွေ စပါးစားနေကြတာ…"
သမီး ဖြစ်သူကလည်း သူ့လက်ထဲ ရောက်တာနဲ့ ငြိမ်…သားဖြစ်သူကလည်း ရှေ့ခန်းမှာ ထိုင်နေပြီး နောက်တည့်တည့်မှာ ထိုင်တဲ့ အမေ ဖြစ်သူကိုတောင် အဖက် မလုပ်ပဲ တစ်ခုတွေ့တိုင်း သူ့အဖေကိုသာ သံတော်ဦးတင်ပေးနေသည်..။
အခုမှ တစ်မျက်နှာ မှ မရှိပဲ သူ့ဆီလိုက်ကပ်နေရတော့မယ် ဆိုတာ သေချာနေပြီ..။
သားအဖ သုံးယောက်ပေါင်းပြီး နှိပ်စက် ကြဦးမှာလေ…။
"စပါးခင်းတွေ မျက်စိတစ်ဆုံးပဲနော်..စိမ်းစိုနေတာပဲ "
"ဟုတ်တယ်…ဆောင်းစပါးတွေလေ…တေ်ာတော် ကြိုးစား စိုက်ရတယ်…"
"မြန်မာပြည်ရဲ့ ဆန် အထွက်ဆုံးနေရာဆိုတော့ စီးပွားဖြစ်ကြမှာပဲ…"
"ဟဲ..ဟဲ..အကို့သာကြည့် လယ်ကုန်လို့ ကားမောင်းစားနေရပြီ…တောင်သူလယ်သမားတွေလည်း  အတော်ရုန်းကန်နေရတာပါကွာ…"
"ကျွန်တော် ပုသိမ်ကို လာတုန်းက လယ်ကွင်းတွေကို ကြည့်ပြီး ငါတော့ လယ်လုပ်ရရင် ဒုက္ခပါပဲလို့ တွေးမိသေးတယ်…"
"ဟား…ဟား…"
"ဘာဆိုင်လည်း.."
ကိုအောင်က ရယ်ပေမဲ့ စံလေးကတော့ စူပုတ်ပုတ် မျက်နှာထားဖြင့် ပြန်ရန်တွေ့လိုက်မိသည်..။
"ဆိုင်သာပေါ့ဗျာ…ဧရာ၀တီက ဆန်ထွက်တယ်..ပုသိမ်က စပါးကျည် တဲ့လေ…လယ်အလုပ်က အတော် စိတ်ရှည်ရတဲ့ အလုပ်…ငါ ကြောက်တယ်…"
"သူလုပ်ဖူးတာကျလို့…"
"လုပ်ဖူးတယ်…ငယ်ငယ်က တစ်ခါ လုပ်တာ…အပင်လေးတွေ တစ်ပင်ချင်းကို ထိုးစိုက်နေရတာ တကယ် စိတ်မရှည်ဘူး..ခါးလည်း ညောင်းတယ်…ခြေထောက်လည်း ရေထဲ တစ်ချိန်လုံး စိမ်နေရတယ်…ငါးဖမ်းတာက ပိုက်တစ်ချက် ဆွဲရင် ငါးတွေ အများကြီး တစ်ချိန်တည်း ရတာလေ…အခုက တစ်ပင်ချင်း စိုက်နေတာ ငိုတောင် ငိုချင်တယ်…"
"ဆန်လုပ်တာ အသက်မပါဘူး..နင်လုပ်တာ အသက်ပေါင်းများစွာ ပါနေတာလေ…"
"အဲဒါတော့ ဟုတ်တယ်…ဒါဆို ငါ ဘာလုပ်ရမလည်း…ကျွန်းပေါ်မှာ လယ်တွန်ရမလား.."
"အိုး.."
"ဟား…ဟား…"
ကိုအောင် နဲ့ သူ့ရဲ့ ရယ်သံတွေ ဆူညံသွားတော့ ဘာမှ ထပ်မပြောတော့ပဲ လမ်းဘေး ကိုပဲ ငေးနေလိုက်တော့သည်..။
နေ၀င်ခါနီးမို့ စပါးပင်တွေက ရွှေရောင်ပြောင်းခါ ယိမ်းနွဲ့နေသည်…။
ငှက်ကလေးတွေ အိပ်တန်းပြန်ချိန် မှာ မြင်ကွင်း တစ်ခုလုံးက အသက်၀င် လှုပ်ရှားနေတဲ့ ပန်းချီကား တစ်ချပ် အသွင်ကို ကူးပြောင်း သွားသည်…။
ခုကျတော့လည်း သူ့ဘေးမှာထိုင်ပြီး ဒုတိယအကြိမ် သူခေါ်ဆောင်ရာပဲ ပြန်လိုက်သွားရတာပဲလေ…။
ဖွားဖွားအိမ်ကို ပြန်ရောက်ရင် အရင်အတိုင်း ဖြစ်မယ်လို့ ထင်ခဲ့ပေမဲ့ အချိန်တွေက တေ၇ွ့ရွေ့ ကုန်ဆုံးနေတာ အရင်အတိုင်းဆိုတာ ရှိမှ မရှိတော့ပဲ…။
"စံ..ဗိုက်ဆာပြီလား.."
"ဟင့်အင်း…ကလေး ပေးလေ…"
"ရတယ်…သမီး နဲ့ နင်က ကမ္ဘာရန်.."
"ဘာ…"
"အမိဝေး …"
"ဟား..ဟား..ဘာတုန်း.."
သူ့လက်မောင်ကို လိမ်ဆွဲပစ်လိုက်တာ ထွက်လာတဲ့ စကားသံကြောင့် ကိုအောင်လည်း ပြုံးစေ့စေ့ ဖြစ်သွားသလို စံလေး ကတော့ သူ့လက်မောင်းကို ရိုက်ခါ ရယ်မိတော့သည်..။
"ဖဲ့ဖဲ့…"
"အင့်…နေဦး.."
သားက ကြည့်ပြီး သမီးကို ပိုက်ခါ အနားက အိတ်ထဲ နှိပ်နေတော့ စံလေး လည်း ကူပြီး အိတ်ကို ဖွင့်ပေးနေရသည်..။
"ရပြီ….သား နောက်ကို ပြန်လာနော်..ဒီထိုင်ခုံလေးနဲ့ ထိုင်လေ…လာ.."
သား ကို ခါးပိတ်ဖြုတ်ပြီး လှမ်းချီလိုက်ခါ စံလေး နဲ့သူ့အလယ်မှာ နေရာ ချပေးသည်..။
ရေဘူး ကို ပိုက်တပ်ပြီး ကိုင်ထားရင်း သေချာ တိုက်နေတော့ စံလေး အံသြရသည်..။
"ရေသောက်ချင်တာလားသား…"
"အွင်း…"
"နေပါဦး…သားက ဘာလုပ်ပြလို့ နင်က သိတာလည်း.."
"ဘာမှ မလုပ်ပြဘူး…ရေခဏခဏ တောင်းသောက်တက်တာ နင် မသိဘူးလား.."
"သူ့ဟာသူ သောက်နေကျဆိုတော့…"
"စံရယ်….နင် နဲ့ ငါ နေရာ လွဲနေပြီနော်…"
"နင့် ဟာ နင် နေရာလာလုတာလေ…"
"အေးပါ…"
"ကိုအောင်မောင်းတာ မြန်သလိုပဲ ဒါးက ငါးကန်တွေတောင် ကျော်လာပြီနော်…"
"ဒါ ဒါးက မဟုတ်ဘူး ညီမရဲ့ ကျောင်းကုန်း "
"အိုး..ဟုတ်လား…"
"မဲ့…ဖယ်..ဖယ်…တိုင်နဲ့.."
သားကို ပခုံးလေးဖက်ပြီး ချီဖို့လုပ်လိုက်တာ အသည်းအသန် ငြင်းပြီး လက်တွေကို ပုတ်ချခါ လက်ထဲက စက်ရုပ်ကလေးနဲ့ဆော့နေသည်..။
"ဟား..ဟား…"
တော်တော် လေး ကို အပျော်လွန်ပြီး ရယ်စရာတွေ များနေတဲ့ ဒင်းကို မျက်မှောင်ကြုတ်ကြည့်ခါ လူလွတ်စိတ်လွတ်ဖြင့် လက်ပိုက်ခါ အပြင်ကို ကြည့်နေလိုက်သည်..။
ကောင်းတယ်….။
ကလေး အမေ ဆိုပေမဲ့ ကလေး နှစ်ယောက်စလုံးက ကိုယ့်ကို မကပ်တာလည်း ကောင်းတာပဲ လွတ်လပ်တာပေါ့..။
နောက်ဆို ဒေါ်လေး ပြောသလို အပျိ်ုပြန်လုပ်ပြီး နေတော့မယ်လေ…။
.
"အကို…လေဆိပ်နဲ့ နီးတဲ့ ဟိုတယ် တစ်ခုခု ပဲ ပို့ပေးပါ…"
"အိုကေ…"
"နင် ညောင်းနေပြီမလား..ပေးလေ…"
"……"
သားကလည်း ခါးကိုမှီခါ အိပ်ပျော်နေသလို သမီးကလည်း သူ့ပေါင်ပေါ် အိပ်ပျော်နေတော့ ညောင်းနေမယ် အထင်ဖြင့် ပြောလိုက်သည်..။
စံလေး ကို ကြည့်ပြီး ပြုံးစေ့စေ့ လုပ်နေတော့ ဘာမှန်း မသိပဲ ကြောင်တောင်တောင် ဖြင့် ပြန်ကြည့်နေမိသည်..။
"ဘာလည်း.."
"ကျေးဇူးတင်တယ်.."
"………."
ဘာကို ပြောချင်တာလည်း သိပေမဲ့ ကိုအောင်လည်း ရှိနေတော့ စကားထပ်မပြောတော့ပဲ ငြိမ်နေရသည်.။
၇န်ကုန်မြို့ထဲ ၀င်လာပြီ ဆိုကတည်း က  မီးရောင်စုံတွေ တိုက်မြင့်ကြီးတွေ ၇ှုပ်ယှက်ခပ် နေတဲ့ ကားတွေကြားမှာ သက်ပြင်းမောချလိုက်သည်..။
လမ်းမှာတွေ့လာခဲ့တဲ့ သဘာ၀ ရောင်စုံ ရှုခင်းတွေကို မြင်ယောင် ကြည့်လို့ မရတော့အောင် အမြင်ကော အာရုံကော ထွေပြားသွားရသည်…။
"ဟုတ်ကဲ့…(……)လား ခင်ဗျာ.."
"သြော်…ကျွန်တော်တို့ Deluxe Room  တစ်ခန်းလောက် လိုချင်လို့ပါ…"
"ဟုတ်ကဲ့….မနက်ဖြန် မဟုတ်ပါဘူး..ခုနာရီပိုင်း အတွင်း ရောက်မှာပါ…ဟုတ်….ကလေးငယ်ငယ်လေးတွေလည်း ပါတော့ နည်းနည်း အဆင်ပြေအောင် ကူညီပေးပါနော်…ဟုတ်ကဲ့..ဟုတ်ကဲ့ပါ…ကျေးဇူးတင်ပါတယ်…"
သူ ဖုန်းချလိုက်ပြီး စံလေး ဘက်ကို ကြည့်နေတာ သိပေမဲ့ မသိချင်ယောင်ပဲ ဆောင်နေလိုက်သည်..။
ကိုယ်တိုင် အရှုံးပေးပြီး လိုက်လာခဲ့တာမို့ သူ နိုင်စားမလားတွေးရင်း အားငယ်မိသည်…။
ကိုယ့်မိသားစု ပတ်၀န်းကျင် အခြေအနေ ကိုသိပြီး နှိမ်စရာ ဖြစ်နေမှာလည်း စိုးရိမ်ရသည်..။
ဘယ်တက်နိုင့်ပါမလည်း….ကိုယ် ငယ်ငယ်တုန်းက သူ့ထက် အစစ အရာရာ သာခဲ့ပေမဲ့ အခုတော့ သူ က အဆပေါင်းများစွာ သာလွန်ကောင်းမွန်တဲ့ ဘ၀ကို ရ ထားပြီလေ…။
.
"အဟား…ရောက်ပြီကွ…"
"ရေး…."
သား က  သူချပေးလိုက်တာနဲ့ လက်ဆန့်တန်းပြီး ခုန်နေတော့ စံလေး သက်ပြင်းချရင်း သမီးလေးကို ချဖို့ အခင်းထုတ်လိုက်ရသည်..။
ကားအကြာကြီး စီးလာရတော့ သမီး က မကြည်မလင် ဖြစ်နေသည်မို့ အ၀တ်အစားလဲပေးပြီး နို့တိုက်ခါ ချော့နေမိသည်..။
"မဲ့.."
"ဟင်…သားသား..ဘာလည်း…"
"အင့်…"
ခုတင်ဘေးက တာဝါကို ဆွဲထုတ်လာပြီး ပေးတော့ သူ့ညီမလေးကို ခြုံပေးဖို့ ပေးတာမှန်း သိလို့ စံလေး ပြုံးရင်း ယူလိုက်သည်..။
"လာဦး..သားသား..ဘောင်းဘီ လဲရမယ်…အနိုင်..ဟောတော့…"
စံလေး နောက်ကို လှည့်ကြည့်ပြီး ခေါ်တော့ အထုတ်တွေပဲ တွေ့ပြီး သူက ပျောက်သွားပြီ..။
ကလေး နှစ်ယောက်နဲ့ ထားပြီး ဘယ်ရောက်သွားတာပါလိမ့်..။
သမီးကို နို့တိုက်ရင်း သားကို အ၀တ်အစားလဲပေးဖို့ ပြင်ဆင်နေရတာ စိတ်ရှုပ်လာတော့သည်..။
"နေ..နေ…ဖေား လာမှ လုပ်ပေးလိမ့်မယ်…"
သားက အကျီ င်္ မပါပဲ ဂျင်းဘောင်းဘီ ဖြင့် ခုတင်ပေါ် တွယ်တက်သွားတော့ ပြုတ်ကျမှာ စိုးလို့ သမီးကို ပိုက်ရင်း အနားရောက်သွားရသည်..။
"ငြိမ်ငြိမ်နေ….သားရဲ့ ပြုတ်ကျမယ်…"
"အိုး…ပြောနေတာတောင်….ဟဲ့…"
ခုတင်ပေါ် ခုန်လိုက် လူးလိမ့်လိုက်ဖြင့် သဘောကျနေတာ အမေ ဖြစ်သူကတော့ ရင်မမ ဖြင့် လက်နဲ့ လိုက်ထိန်းပေးနေရသည်..။
"ဟော…"
"နင် ဘယ်သွားတာလည်း..နည်းနည်းပါးပါး ပြောမသွားဘူး.."
"ဒီမှာ…သားအတွက် ထမင်းသွားယူတာ…ဘာဖြစ်လို့လည်း….ဟော…သား…လာ…"
သားကို ဆွဲချီပြီး ပြောတော့ သားက အောက်ရောက်လည်း ထပ်ခုန်နေတာ မရပ်နိုင်သေး..။
"ဟဲ့..ဘာဖြစ်လို့ခုန်နေတာလည်း.."
"မအော်ပါနဲ့ စံရယ်…သူပျော်နေတာပါ…"
"အ၀တ်အစား လဲပေးလိုက်ဦး…ဒိုက်ဘာနဲ့ ပူနေပြီ.."
"အင်း..သမီးကိုကော လဲပြီးပြီလား.."
"ပြီးပြီ…"
စံလေး ကို စကားပြောရင်း အိတ်ထဲပါလာတဲ့ သားအ၀တ်အစား ထုတ်ခါ သားကို ချီပြီး ရေချိုးခန်းကို ခေါ်သွားသည်..။
"ရေရေ…ချိုးနယ် ဖဲ့ဖဲ့…"
"ညမိုက်နေပြီ သားရဲ့…"
"ရေ…ရေ…"
"အနိုင် ချိုးမပေးနဲ့နော်…"
ကလေးတွေကို အလိုလိုက်လွန်းတဲ့ သူ့အကြောင်းကိုသိနေပြီးသားမို့ စံလေး အသံကျယ်ကျယ် နဲ့ ထပ်ဆင့် သတိပေးလိုက်ရသည်..။
"ရဘု..ဟယ်…ရဘု…ဟီး..ဟီး…"
"အက်ဒမန်…တိတ်စမ်း…ဘာဖြစ်နေတာလည်း.."
ရေချိုးခန်းထဲက ထွက်လာတော့ ရုန်းကန်အော်ဟစ်နေတဲ့ သားကြောင့် အနားက လူတွေ ကို အားနာပြီး အော်ရတော့သည်..။
"ဖေား..နဲ့ ဆော့မယ်နော်…"
"အီး…"
"ဒီမှာ…သားအတွက် ထမင်းပန်းကန်လေး..ဒီမှာ မျက်လုံးလေး ဒီမှာ ပါးစပ်ကလေးက ရယ်နေတယ် တွေ့လား.."
သားကို ပိုက်ဖက်ထားရင်း ပြတော့ ထမင်းပန်းကန်ကို ကြက်ဥတွေ မုန့်လာဥနီတွေနဲ့ ပုံဖော်ထားတာမို့ သားက စိတ်ပြောင်းသွားခါ ငုံ့ကြည့်နေသည်..။
သား စားနေကျ ဇွန်း အဝါလေး ထုတ်ပေးလိုက်တော့ မျက်လုံးနေရာကို အရင်ခတ်ပြီး စားတော့သည်..။
"စံ..ဗိုက်ဆာနေပြီလား.."
"မဆာပါဘူး.."
"ငါ မှာထားတယ်…လာပို့လိမ့်မယ်…အိမ်ကို ဖုန်းဆက်လိုက်ဦး…ငါ့ဆီမှာ နံပါတ်မရှိလို့.."
"ဟုတ်သားပဲ.."
စံလေး သတိ၀င်လာတော့မှာ သမီးကို ခုတင်ပေါ် ဖြည်းဖြည်း ချပြီး ဖုန်းခေါ်ရတော့သည်..။
ဒေါ်လေး ဖုန်းကို ခေါ်ရင် မရမှာစိုးလို့ မမ ဖုန်းကိုပဲ ခေါ်လိုက်ရသည်..။
"ဟလို…"
"မမလား…စံလေးတို့ ရောက်ပြီ…"
"ဟေ…မြန်လှချည်လား…"
"ဟုတ်..ရောက်တာ နာရီ၀က်လောက် ရှိပြီ….ဒေါ်လေးတို့ ဖွားဖွား တို့ စိတ်ပူနေမှာ စိုးလို့ပါ…"
"အင်း…ခုတော့ ကိုရီးယား ကား ကြည့်နေကြတယ်…အိမ်ကြီးက ခြောက်ကပ်သွားတာပဲ…"
"စံလေး လည်း သတိရနေတယ်.."
'သြော်..မနက်ကျရင် ဘယ်အချိန် လေယာဉ်ထွက်မှာလည်း.."
"လေယာဉ်လား…ဘယ်နှာနာရီလည်း …"
အနိုင် က လက်ရှစ်ချောင်းထောင်ပြရင်း ပြောင်စပ်စပ်ဖြင့် နှုတ်က တိုးတိုးပြောနေ တော့ စံလေး နှုတ်ခမ်းမဲ့ရင်း အကြည့်လွဲလိုက်မိသည်..။
"ရှစ်နာရီလောက် မမ.."
"ဒါဆို မေမေ တို့ လာလိမ့်မယ်….(….) ဟိုတယ်မလား.."
"ဟုတ်ကဲ့…စံလေး မေမေတို့ကို သွားတွေ့လိုက်ပါ့မယ်…"
"ကလေးတွေနဲ့ မသွားရပါဘူး…ခရီးပန်းနေပြီ…နားလိုက်တော့လေ…"
"ဟုတ်ကဲ့.."
မမ ဖုန်းချသွားချိန် ဟိုတယ်က အစားအသောက်တွေ လာပို့တာကို သူပဲ ထွက်ယူပေးသည်..။
စားဖို့ သောက်ဖို့ထက် ကိုယ်လက်တောင် မသန့်စင်ရသေးတာမို့ ရေချိုးခန်းထဲ ၀င်ရသည်.။
"စံ အ၀တ်အစား လဲဦးမလား.."
"မလဲပါဘူး.."
"ဟုတ်သားပဲ…အရင်က အကျီ င်္ တစ်ထည်ကို လချီပြီး ၀တ်သေးတာပဲလေ…"
"နင်နော်…"
"ဟိဟိ…မဲ့ ညစ်ပတ်လေး…နော်း.."
"ခစ်ခစ်…"
သမီး ရယ်သံလည်း ထွက်လာတော့ နိုးသွားပြန်ပြီ ဆိုတဲ့အသိကြောင့် သက်ပြင်းမောချမိသည်..။
ဒီလိုဆို ညပိုင်း ငိုရင်တော့ အနားက လူတွေ ကို အားနာ ရပါဦးမည်..။
"လာ….ထမင်းစားရအောင်…"
"ဖဲ့ဖဲ့…"
"အင်း..သားလည်း ဒီမှာစား.."
သား ထမင်း ပန်းကန်ကိုလည်း ချပေးလိုက်တော့ အနားမှာ ဒူးထောက်ပြီး ဇွန်းလေးနဲ့ ခပ်စားနေသည်..။
မတွေးရပါပဲ အနိုင် ငယ်ငယ် တုန်းက ထိုင်ပြီဆိုရင် ဒူးတစ်ချောင်းထောင်ပြီး မုဆိုးဒူးထောက် ထိုင်တက်တာ သတိရသွားသည်..။
"အဆင်ပြေရဲ့လား စံ…"
"အင်း…"
"အဟွင်း….အဲ….အဟွတ်…ဟွတ်…"
ထမင်းလုတ်နဲ့ ပြုံးစေ့စေ့ လုပ်နေရင်း ရယ်တော့ အခုတော့ ကောင်းကောင်းကို ထသီးပြီလေ..။
စံလေး လက်ထဲ က ဇွန်းကို ချပြီး ရေဘူးကို ဖောက်ခါ လှမ်းပေးလိုက်တော့မှ နည်းနည်းသောက်ခါ ငြိမ်သွားသည်..။
"ထမင်းစားနေရင်း ရယ်စရာလား..."
"ငါပျော်လို့ပါ…"
"အရူး.."
"ဟုတ်တယ်….နင် နဲ့ ငါ ရယ် သားလေးရယ် လက်ဆုံမစားရတာ ကြာပြီ…အခု သမီးလေး ပါ အနားမှာ ပါလာတာ နောက်ဆိုရင် သမီးလေးလည်း ၀င်စားတော့မယ်လေ…"
အနားမှာ ချထားပေမဲ့ ၀မ်းလျားထိုးရွေ့သွားနေတဲ့ သမီးလေး ကို ကြည့်ရင်း ပြောတော့  စံလေး လည်း ကြည့်ရင်း စိတ်ထဲ တစ်မျိုး ဖြစ်သွားသည်..။
ဟုတ်ပါရဲ့….သားကလည်း သူ့လက်ကလေးနဲ့ သူ စားတက်နေပြီလေ..။
ထမင်းစားပြီးတော့လည်း တော်တေ်ာလေး မြူးနေတဲ့ မျက်နှာထားနဲ့ ပန်းကန်တွေ သိမ်းပေးပြီး သားကိုလည်း သန့်ရှင်းရေး လုပ်ပေးသည်..။
အိပ်ရာ၀င်တော့လည်း တစ်မျိုး ပြဿနာရှာပြန်ပြီ..။
ခုတင် နှစ်ခု ရှိရဲ့ နဲ့ သူ နဲ့သား ခုတင် တစ်ခု သမီးနဲ့ စံလေး ခုတင် တစ်ခု အိပ်မယ်ဆိုတာ လုံး၀ လက်မခံ…။
သားနဲ့ သမီးကို အလယ်မှာ ထားပြီး အိပ်မှ ပြုတ်မကျမှာ ဆိုတဲ့ အကြောင်းပြချက်ဖြင့် မလွတ်မလပ် အိပ်ခိုင်းသည်..။
သမီးက ခရီးပန်းထားတဲ့ အရှိန်ကြောင့်သာ မငိုပဲ အိပ်ပျော်သွားတာကို စံလေးမှာ ၀မ်းသာလို့ မဆုံး..။
သားကတော့ သူ့အဖေ မျက်နှာကို တစ်ကိုယ်လုံး ကပ်ပြီး ဖက်လိုက် ဆံပင်တွေကို ဆော့လိုက် ကိုယ်ပေါ် တက်လိုက်ဖြင့် တော်တော် ဆော့ပြီးမှ အိပ်ပျော်သွားသည်..။
"စံ…"
"ဘာလည်း.."
"ငါ အိပ်မက် မက် စရာမလိုတော့ဘူး ပေါ့နော်…"
"…….."
"ငါ့အိပ်မက်တွေ တကယ်ဖြစ်လာပြီ…"
စံလေး ဘာမှ မပြောပဲ သမီးလေးကို ငုံ့ကြည့်နေရင်း စိတ်ထဲမှာတော့ အဖြေပေးလိုက်မိပါရဲ့…။
နင့်အိပ်မက်နဲ့ ငါ့အိပ်မက် က အတူတူပါပဲလို့လေ..။
.
"အဖေ စိတ်ချမယ်.."
"ဟုတ်ကဲ့…"
"သမီးလည်း အဝေးမှာ လိမ်လိမ်မာမာ  နေနော် အရမ်းမဆိုးနဲ့…"
"အွင်း.."
ဖေဖေ က အစကတည်းက သူ့ဘက်ပါနေသူ ပီပီ စံလေး ကို ဆုံးမနေတော့ မျက်နှာစူပုတ်ပုတ်ဖြင့် ခေါင်းညိတ်ပြမိသည်..။
မေမေ ကတော့ စံလေး ဘက်ကမို့ သူ့ကိုတောင် တစ်ချက်မကြည့်ပဲ ဖုန်းဆက်ဖို့ အဆက်အသွယ် အမြဲလုပ်ဖို့ ဘာဖြစ်ဖြစ် ပြောဖို့ အားမနာတမ်း မှာကြားနေသည်..။
"သွားလိုက်ဦးမယ်…အဖေ…."
"အေး…အေး….မန်မန်လေး…တာ့တာ…"
"သာ့သာ့…"
"သွားလိုက်ဦးမယ်….အမေ…"
"အင်း.."
မေမေ က မျက်နှာတင်းတင်း နဲ့ မကြည့်ပဲပြောတော့ စံလေး သူ့အစား စိတ်မကောင်း ဖြစ်ရသေးသည်..။
သားလေး ကို ချီပြီး ၀င်သွားတော့ သမီးကို ချီထားရင်း မေမေ့ကို ဖက်ခါ နှုတ်ဆက်လိုက်သည်..။
"မေမေ နဲ့ ဖေဖေ ….စံလေး မှားခဲ့တာတွေကို ခွင့်လွှတ်ပါ…"
"မဟုတ်တာပဲ….အားငယ်မနေနဲ့…ပြည့်ပြည့်တို့ ကျောင်းပိတ်ရင် ဖေဖေ တို့ လာခဲ့မယ်…"
"ဟုတ်ကဲ့…"
ဘ၀မှာ မိဘရင်ခွင်က ထွက်သွားရပြီ ဆိုတဲ့ သေချာတဲ့ အသိကြောင့် ကြောက်လန့်စိုးရိမ်မှုတွေနဲ့ နမျှောတသမှုတွေ ၀င်ရောက်လာခါ မျက်ရည်စို့လာတော့သည်…။
မေမေတို့ကို ကျောခိုင်းပြီး ထွက်လာပေမဲ့ ရင်ထဲမှာ နာကျင်ရသလို မျက်ရည်က အလိုလို ကျလာသည်..။
"မဲ့…ချား.."
"သား..စားပါ…"
သားက သူ စားနေတဲ့ မုန့်ကို လှမ်းပေးတော့ စံလေး ခေါင်းရမ်းရင်း သမီးလေး ကို လက်ပင့် ချီလိုက်ရသည်..။
မိဘတွေ ခွဲခွါ ရလို့ စိတ်မကောင်းဖြစ်ရပေမဲ့ ကိုယ့်သားသမီးလေးတွေ စိတ်ချမ်းသာဖို့ ဆိုတဲ့ အသိကြောင့် ဖြေသာပါသေးသည်..။
"လက်ညောင်းနေပြီလား စံ…"
"ရတယ်…"
စံလေး ခပ်ပြတ်ပြတ် ပြောလိုက်တဲ့ စကားသံကြောင့်သူရဲ့ အပြုံးမျက်နှာ ညိုးကျသွားသည်မို့ စိတ်ထဲ မောလျသွားရသည်..။
ငါလေ နင့်ကို အနိုင်ယူဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး အနိုင်ရယ်…ဒါပေမဲ့ ဘာဖြစ်လို့လည်း ငါ မသိဘူး..။
ငယ်ငယ်ကတည်း နင့်ဆို အမြဲနိုင်ချင်နေတယ်…။
ငါ့ကို စိတ်ညစ်စိတ်ရှုပ်အောင် လုပ်တဲ့ တရားခံက နင်လို့ပဲ တွေးမိနေတယ်…။
ငါ လည်း ပြောင်းလဲချင်ပါတယ်…ဘယ်လိုများ ပြောင်းလဲရမှာလည်း….။

❃.✮:▹ ⋇⋆✦⋆⋇ ︵‿︵‿୨♡୧‿︵‿︵⋇⋆✦⋆⋇ ◃:✮.❃

စာရှည်တယ်နော် ဖတ်ရပါ့မလား မသိဘူးရယ်
ဒီနေ့တော့ တစ်ပိုင်းပဲ တင်ပေးမယ်နော်
မျော်နေမှာ စိုးလို့ပါ
ဇာတ်လည်းသိမ်းတော့မှာပါ

အချိန်သေချာယူပြီး မရေးနိုင်လို့ အဆက်မမိရင် ခွင့်လွှတ်ကြပါနော် 🙏
မကျွမ်းကျင်တဲ့ နေရာဒေသအကြောင်းတွေ ပါလာတာမို့
အမှားအယွင်း အပိုအလိုလေး တွေ ဖြစ်ခဲ့ရင် ခွင့်လွှတ်ကြပါနော်🙏🙏

အရေးအသား မကောင်းလည်း ဖတ်ပေးကြတာ အားနာပါတယ်❤

ကျေးဇူးလည်း အထူးတင်ပါတယ်နော် ❤💪📒

Love u all ❤
#စပိုက်ကာ

လှိုင်းလိုလူWhere stories live. Discover now