မျက်လုံးအစုံကို ကားလမ်းမဆီသို့သာ မျက်နှာမူထားလိုက်ကြသည်။
ဒီလိုထိုင်နေသည်မှာ မည်မျှကြာပြီ သူတို့ကိုယ်တိုင်လည်း မသိ။
အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး တီရှပ်အနီ၊ ကွာတားဘောင်းဘီနဲ့ ကောင်လေးကတော့ စိတ်ပျက်လက်ပျက်ဖြစ်နေဟန်ရှိသည်။ ဆံပင်တွေလည်း ဖွာလန်ကြဲ၊ မျက်တွင်းတွေလည်း ချိုင့်နေပြီ။ မျက်နှာချင်းဆိုင်မှာတော့ မျက်မှန်ဝိုင်းလေးနဲ့ ကောင်မလေးတစ်ယောက်။
သူမရဲ့ ဆံသားတွေက လေအဝှေ့နဲ့အတူ လူးလာဆော့ကစားလို့။ ကစားလို့ဝသွားတဲ့အခါ လက်ဝါးကပ်တိုင်လည်ဆွဲလေးပေါ် မှေးစက်အနားယူနေကြလေရဲ့။ ဖျော့တော့တော့ နေရောင်များကား သူမရဲ့ နှာတံဆင်းဆင်းလေးနဲ့ ပါးမို့မို့လေးပေါ်မှာ ခစားနေကြလျက်။
"နင် ငါပြောနေတာ နားထောင်နေရဲ့လား"
"အင်း"
သူမခေါင်းကို ငုံ့၍ ကော်ဖီအေးကို သောက်နေသည်။
သူ မချိတင်ကဲဖြင့် စကားဆက်လေသည်။
"ငါ သူ့ကို တကယ်ချစ်တာပါဟာ....
ငါလေ.... အားလုံးနဲ့ ဆန့်ကျင်ပြီးတော့ သူ့ကိုရွေးရဲပါတယ်။ သူသာ အခုအချိန်မှာ ခေါင်းညိတ်လိုက်ရင် အားလုံးနဲ့ ဝေးရာကို ထွက်သွားပြီး ဘဝသစ် စလို့ရတယ်။ ငါ့ဘဝမှာ သူတစ်ယောက်တည်းဆိုတာကိုလည်း ရောက်တဲ့ဘုရားတိုင်းမှာ သစ္စာဆိုတယ်။ ဒါတွေသူသိဖို့ကောင်းပါရဲ့လေ.....""ဟဲ့ နင့် ကော်ဖီခွက်..."
သူမရဲ့ စကားကြောင့် သူကော်ဖီခွက်ကို ကြည့်လိုက်သည်။ ကော်ဖီအေးထဲက ရေခဲတွေ အရည်ပျော်ပြီး အပြင်ကို ဖိတ်စင်လျှံကျနေသည်။
"ဪ နင်ကလည်း အဆန်းလုပ်လို့....
ခံစားရတာတွေများလာရင် မျက်ရည်ဆိုတာ ကျတတ်တာပဲ...."အပတ်စဉ် တွေ့ကြတိုင်းလည်း သူ့ကော်ဖီအေးခွက်က အမြဲဒီအတိုင်းပဲမို့ သူမလည်း ဘာမှဆက်မပြောဘဲ နားထောင်နေလိုက်သည်။
"လူတိုင်းကတော့ ဘယ်တူပါ့မလဲဟာ။ မတူလို့ ကျား မ ဖြစ်လာကြတဲ့ကိစ္စမှာတောင် မတူလို့ဆိုပြီး လက်တွဲဖို့ မဖြစ်နိုင်ဘူးတဲ့ သူက။ ဘာကြောင့်လဲ ငါတော့ မတွေးတတ်တော့ဘူး။ မတူတာကို အပြန်အလှန်နားလည်ပေးဖို့က အဓိက မဟုတ်ဘူးလား။ နင်ရော ဘယ်လိုထင်လဲ"
"မတူတာကို နားလည်ပေးဖို့လိုတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့်.....
မတူတာက.........
မတူတာပဲလေ......"သူ ပြောစရာစကားမရှိတော့။
=====================================
ကော်ဖီဆိုင်လေးကအပြန် ၂ ယောက်သား မှတ်တိုင်သို့ ဦးတည်ခဲ့ကြသည်။ ကြားမှတ်တိုင်လေးဟာ သူတို့ကလွဲလို့ အဖော်မရှိခဲ့။ ခုံတန်းရှည်ပေါ်ထိုင်ရင်း မျက်လုံးအစုံကို ကားလမ်းမဆီသို့သာ မျက်နှာမူထားလိုက်ကြသည်။
ဘတ်စ်ကားက တော်တော်နဲ့ ပေါ်မလာသေး။
"တစ်စက္ကန့်နဲ့ တစ်စက္ကန့်ကြား ကြာလိုက်တာ...."
======================================
"နင် ပြန်ရင်ပြန်တော့လေ"
"မိန်းကလေးတစ်ယောက်တည်းဖြစ်နေမှာပေါ့"
"ရပါတယ်။ ငါက ဒီလိုပဲ နေနေကြ"
သူ တစ်ချက်ပြုံးလိုက်သည်။ နှုတ်ဆက်ပြီးနောက် သူ့ကိုယ်ပိုင်ကားလေးရှိရာဘက်သို့ ထွက်သွားလေသည်။
သူ့ရဲ့ ကျောပြင်ကို ငေးကြည့်ရင်း သူမ ပြုံးလိုက်သည်။ သူမအပြုံးကား နှစ်လိုဖွယ် အလွန်ကောင်းသည်။
ဒီနေ့အဖို့ သူမရဲ့ ကော်ဖီခွက်ထဲက ရေခဲတွေအရည်မပျော်အောင် ထိန်းထားနိုင်ခဲ့ပြီ။