၁၆။ ဣသရေလလူမျိုးတို့အပေါ် ယေဟောဝါဆောင်ရွက်ခဲ့သောအမှုသည် ဘုရားသခင်၏ မြေကြီးနှင့်သက်ဆိုင်သည့် မူလနေရာဖြစ်သော လူသားမျိုးနွယ်အကြား၌ ဖြစ်ပေါ်ခဲ့ပြီး ယင်းနေရာမှာ သူရှိနေခဲ့သည့် အထွတ်အမြတ်ထားသော နေရာလည်းဖြစ်သည်။ ယေဟောဝါသည် သူ၏အမှုကို ဣသရေလလူမျိုးတို့အတွက် ကန့်သတ်ထားခဲ့သည်။ ကနဦးတွင် ဣသရေလပြင်ပ၌ သူအမှုမပြုခဲ့ပေ၊ ထိုအစား သူ၏အမှုနယ်ပယ်ကို ကန့်သတ်ရန်အလို့ငှာ သင့်လျော်မည်ဟု သူမြင်သည့် လူမျိုးတစ်မျိုးကို ရွေးချယ်ခဲ့သည်။ ဣသရေလနိုင်ငံမှာ အာဒံနှင့် ဧဝတို့ကို ဘုရားသခင်ဖန်ဆင်းခဲ့သော နေရာဖြစ်ပြီး ထိုနေရာရှိ မြေမှုန့်မှတစ်ဆင့် လူသားကို ယေဟောဝါဖန်ဆင်းခဲ့သည်၊ ထိုနေရာမှာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့အမှု၏ အရင်းခံနေရာ ဖြစ်လာခဲ့သည်။ နောဧ၏သားစဉ်မြေးဆက်များနှင့် အာဒံ၏သားစဉ်မြေးဆက်များဖြစ်ကြသော ဣသရေလလူမျိုးများသည် ဤကမ္ဘာပေါ်ရှိ ယေဟောဝါအမှု၏ လူသားအခြေခံအုတ်မြစ်ဖြစ်သည်။
ထိုအချိန်ကာလ၌ ဣသရေလပြည်ရှိ ယေဟောဝါအမှု၏ အရေးပါမှု၊ ရည်ရွယ်ချက်နှင့် အဆင့်များမှာ ကမ္ဘာတစ်ခုလုံးပေါ်၌ သူ၏အမှုကို အစပျိုးနိုင်ရန်၊ ထိုမှတစ်ဆင့် ဣသရေလပြည်ကို ၎င်း၏ဗဟိုအနေဖြင့် သတ်မှတ်ထားပြီး တစ်ပါးအမျိုးသားတိုင်းနိုင်ငံများတို့ထံသို့ တဖြည်းဖြည်းချင်း ပျံ့နှံ့သွားစေနိုင်ရန်ဖြစ်သည်။ ယင်းမှာ စကြဝဠာတစ်လျှောက် သူအမှုပြုသည့် အခြေခံသဘောတရားဖြစ်ပြီး စံပုံစံတစ်ခုကို တည်ထောင်ကာ စကြဝဠာတစ်ခုလုံးရှိ လူများသည် သူ၏ဧဝံဂေလိသတင်းကောင်းကို လက်ခံရရှိသည့်တိုင်အောင် ထိုစံပုံစံကို ချဲ့ထွင်သွားရန်ဖြစ်သည်။ ပထမဦးဆုံးသော ဣသရေလလူမျိုးများမှာ နောဧ၏ သားစဉ်မြေးဆက်များဖြစ်သည်။ ထိုသူတို့မှာ ယေဟောဝါ၏ ဇီဝအသက်ဖြင့်သာ ပြည့်စုံစေခြင်းခံခဲ့ရပြီး အသက်တာ၏ အခြေခံလိုအပ်ချက်များကို တာဝန်ယူရန်သာ အလုံအလောက် နားလည်သဘောပေါက်ထားသည်၊ သို့သော်လည်း ယေဟောဝါသည် မည်သို့သော ဘုရားသခင်ဖြစ်ကြောင်း၊ သို့မဟုတ် လူသားအတွက် သူ၏အကြံအစည်မှာ အဘယ်အရာဖြစ်ကြောင်း မသိခဲ့ကြသည့်အပြင်၊ ခပ်သိမ်းသော ဖန်ဆင်းခြင်းတို့၏ အရှင်သခင်ကို မည်သို့ရိုသေလေးမြတ်ရမည်ဆိုသည်ကို သာ၍ပင် သူတို့မသိခဲ့ကြ။ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းနှင့် ပညတ်တော်များထားရှိခဲ့ခြင်း ရှိမရှိနှင့် ဖန်ဆင်းခံအရာများမှာ ဖန်ဆင်းရှင်အတွက် လုပ်ပေးသင့်သည့် အလုပ်ရှိမရှိ စသည်တို့နှင့်ပတ်သက်၍ အာဒံ၏ သားစဉ်မြေးဆက်များမှာ ဘာမျှမသိခဲ့ကြပေ။ သူတို့သိသမျှမှာ ခင်ပွန်းဖြစ်သူက သူ၏မိသားစုကိုလုပ်ကျွေးရန် ချွေးကျအောင် အလုပ်လုပ်ရမည်၊ ဇနီးသည်က မိမိခင်ပွန်း၏ အုပ်စိုးမှုကိုနာခံသင့်ပြီး ယေဟောဝါဖန်ဆင်းခဲ့သော လူသားမျိုးနွယ် ဆက်လက်တည်တံ့အောင် လုပ်ဆောင်သင့်သည် စသည်တို့သာဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ယေဟောဝါ၏ ဇီဝအသက်နှင့် သူ၏အသက်သာရှိသည့် ဤလူတို့သည် ဘုရားသခင်၏ ပညတ်တော်များကို မည်သို့လိုက်နာရမည်၊ သို့မဟုတ် ခပ်သိမ်းသော ဖန်ဆင်းခြင်းတို့၏ အရှင်သခင်ကို မည်ကဲ့သို့ ကျေနပ်နှစ်သိမ့်အောင် လုပ်ရမည် စသည်တို့ကို ဘာမျှမသိနားမလည်ခဲ့ကြပေ။ သူတို့သည် အနည်းငယ် စိုးစဉ်းမျှသာ နားလည်ခဲ့ကြသည်။ ထို့ကြောင့် သူတို့၏ နှလုံးသားထဲ၌ ဆိုးညစ်မိုက်မဲမှု၊ သို့မဟုတ် လိမ်လည်လှည့်ဖျားမှု တစ်စုံတစ်ရာ မရှိသော်ငြားလည်း၊ သူတို့အကြား၌ မနာလိုဝန်တိုမှုနှင့် အချေအတင်ငြင်းခုံမှုတို့ ရံဖန်ရံခါသာ ဖြစ်လေ့ရှိတတ်သော်ငြားလည်း ယေဟောဝါတည်းဟူသော ခပ်သိမ်းသောဖန်ဆင်းခြင်းတို့၏ အရှင်သခင်ကို သူတို့မသိရှိ၊ သဘောမပေါက်ခဲ့ကြပေ။ လူသားတို့၏ ဤဘိုးဘေးဘီဘင်များမှာ ယေဟောဝါ၏ဥစ္စာများကို စားသုံးရန်နှင့် ယေဟောဝါ၏ဥစ္စာများကို မွေ့လျော်ရန်သာ သိခဲ့ကြသည်၊ ယေဟောဝါကို မည်သို့ရိုသေလေးမြတ်ရန်ကိုမူ သူတို့မသိခဲ့ကြပေ၊ ယေဟောဝါသည် သူတို့အနေဖြင့် ဒူးထောက်ပြီး ဝတ်ပြုကိုးကွယ်ထိုက်သူတစ်ဦး ဖြစ်ကြောင်းလည်း မသိခဲ့ကြပေ။ ထို့ကြောင့် သူတို့ကို ဘုရားသခင်၏ဖန်ဆင်းခံများဟု မည်သို့ခေါ်ဆိုနိုင်မည်နည်း။ အကယ်၍ ထိုကဲ့သို့ဖြစ်နေပါလျှင် "ယေဟောဝါသည် ခပ်သိမ်းသော ဖန်ဆင်းခြင်းတို့၏ အရှင်သခင်ဖြစ်သည်" နှင့် "လူသားတို့အနေဖြင့် သူ့ကိုပေါ်လွင်ထင်ရှားစေရန်၊ သူ့ကို ဘုန်းထင်ရှားစေရန်နှင့် သူ့ကို ကိုယ်စားပြုရန်အလို့ငှာ လူသားများကို သူဖန်ဆင်းခဲ့သည်" ဟူသည့်စကားများမှာ အဘယ်သို့ဖြစ်သွားမည်နည်း။ ၎င်းတို့ကို အချည်းနှီးပြောဆိုခဲ့ခြင်း ဖြစ်သွားလိမ့်မည် မဟုတ်လော။ ယေဟောဝါကို ရိုသေလေးမြတ်ခြင်း မရှိသည့် လူများသည် သူ၏ဘုန်းတော်အတွက် သက်သေခံချက်တစ်ခု မည်သို့ဖြစ်လာနိုင်မည်နည်း။ ထိုသူတို့သည် ဘုရားသခင့်ဘုန်းတော်၏ သရုပ်သကန်များ မည်ကဲ့သို့ ဖြစ်လာနိုင်ကြမည်နည်း။ "ငါ၏ပုံသဏ္ဌာန်နှင့်အညီ လူသားတို့ကို ငါဖန်ဆင်းခဲ့၏" ဟူသည့် ယေဟောဝါ၏ နှုတ်ကပတ်တော်များမှာ ဆိုးယုတ်သောသူတည်းဟူသော စာတန်၏လက်ထဲ၌ လက်နက်တစ်ခု ဖြစ်သွားခဲ့လိမ့်မည် မဟုတ်လော။ ဤနှုတ်ကပတ်တော်တို့မှာ လူသားတို့ကို ယေဟောဝါဖန်ဆင်းခြင်း၏ အရှက်တကွဲ အကျိုးနည်းဖြစ်ရသည့် အမှတ်လက္ခဏာတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်လော။ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးသည့်နောက် အမှု၏ ထိုအဆင့်ကို ပြီးမြောက်ရန်အလို့ငှာ ယေဟောဝါသည် အာဒံလက်ထက်မှ နောဧလက်ထက်တိုင်အောင် လူသားတို့ကို မသွန်သင်ခဲ့၊ သို့မဟုတ် လမ်းမပြခဲ့ပေ။ စင်စစ်အားဖြင့် ရေလွှမ်းမိုးခြင်းသည် ကမ္ဘာကြီးကို ဖျက်ဆီးခဲ့သည့်အချိန်နောက်ပိုင်းမှသာ နောဧနှင့် အာဒံတို့၏ သားစဉ်မြေးဆက်များဖြစ်သည့် ဣသရေလလူတို့ကို သတ်သတ်မှတ်မှတ် စတင်လမ်းညွှန်ပေးခဲ့ခြင်းဖြစ်သည်။ ဣသရေလနိုင်ငံအတွင်း၌ သူ၏အမှုတော်နှင့် မိန့်မြွက်ချက်များသည် ဣသရေလပြည်တစ်လျှောက်တွင် သူတို့အသက်ရှင်နေထိုင်ခဲ့စဉ်က ဣသရေလရှိ လူအားလုံးတို့ကို လမ်းညွှန်ပေးခဲ့သည်၊ ထိုနည်းလမ်းအားဖြင့် ယေဟောဝါသည် လူသားအနေဖြင့် သူ့ထံမှ အသက်ကိုရရှိပြီး မြေမှုန့်ထဲမှထမြောက်ကာ ဖန်ဆင်းခံ လူသတ္တဝါဖြစ်သွားရန် လူသားတို့အထဲသို့ ဇီဝအသက်ကို မှုတ်သွင်းနိုင်သည်သာမကဘဲ သူသည် လူသားမျိုးနွယ်ကို မီးရှို့ဖျက်ဆီးနိုင်ကာ ကျိန်ဆဲနိုင်သည့်အပြင် လူသားမျိုးနွယ်ကို အုပ်စိုးရန် သူ၏လှံတံကို အသုံးပြုနိုင်သည့်အကြောင်း ပြသခဲ့သည်။ ထို့ကြောင့် ယေဟောဝါသည် ကမ္ဘာမြေကြီးပေါ်၌ လူသား၏ဘဝကို လမ်းညွှန်ပေးနိုင်သည်သာမက နေ့ညအချိန်နာရီစက္ကန့်မလပ် လူသားတို့အကြား၌ စကားပြောနိုင်၊ အမှုပြုနိုင်ကြောင်းကိုလည်း သူတို့တွေ့ခဲ့ကြသည်။ လူသားသည် သူကောက်ယူခဲ့သည့် မြေမှုန့်ထဲမှလာခဲ့ကြောင်း၊ ထိုမျှသာမကသေးဘဲ လူသားကို သူကိုယ်တိုင်ဖန်ဆင်းဖြစ်ခဲ့ကြောင်းကို သူ၏ဖန်ဆင်းခံများ သိစေရန် အတွက်သာ ထိုအမှုကိုပြုခဲ့သည်။ ဤမျှသာမက ဣသရေလပြည်၌ သူစတင်ခဲ့သည့် အမှု၏ရည်ရွယ်ချက်မှာ အခြားသောလူမျိုးများနှင့် တိုင်းနိုင်ငံများ (ထိုသူတို့မှာ ဣသရေလထဲမှ သီးခြားခွဲထုတ်ထားခြင်းမဟုတ်ဘဲ ဣသရေလလူမျိုးထဲမှ ခွဲထွက်လာခဲ့ခြင်းဖြစ်ပြီး အာဒံနှင့်ဧဝတို့မှ ဆင်းသက်လာသူများ ဖြစ်နေဆဲပင်) အနေဖြင့် ယေဟောဝါ၏ ဧဝံဂေလိသတင်းကောင်းကို ဣသရေလပြည်မှ လက်ခံရန်အလို့ငှာဖြစ်သည်၊ ထိုသို့အားဖြင့် စကြဝဠာထဲရှိ ဖန်ဆင်းခံအရာအားလုံးက ယေဟောဝါကို ရိုသေလေးမြတ်ကြပြီး သူ့ကိုကြီးမြတ်သည်ဟု လက်ခံကြစေရန်ဖြစ်သည်။
YOU ARE READING
စာအုပ်များ
Non-Fictionအရှေ့အရပ်မှ လျှပ်စစ်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်...