ညနေစောင်းချိန်တွင် ချင်အန်နှင့်သူ့မိသားစုသည် ချင်အိမ်တော်မှထွက်ခွာ၍ မြင်းတစ်ကောင်ကသောရထားလုံးစီးကာ မြို့တောင်ပိုင်းသို့ ပြန်ကြလေသည်။
ညမှောင်သည်နှင့် ....
ချင်ယွင်သည် အနက်ရောင်ညဉ့်ဝတ်စုံပြောင်းဝတ်၍ ချင်အိမ်တော်မှ သူ့အစ်ကိုတို့မိသားစုထွက်သွားသောလမ်းအတိုင်း လိုက်လာခဲ့သည်။ အမှောင်ထုအတွင်းရပ်ကာ "အမှတ်အသားတွေအရတော့ ဒီမှာပဲ'' အိမ်တော်ကိုကြည့်ရင်း ချင်ယွင်တစ်ကိုယ်တည်းပြောမိသည်။ "အစ်ကို့အိမ်တော်ကို ငါလာတာ ဒါပထမဆုံးပဲ၊ ဘာကြောင့် မိစ္ဆာအငွေ့အသက်တွေနဲ့ ပက်သတ်နေလဲ ကြည့်ကြသေးတာပေါ့"
ထို့နောက် ချင်ယွင်သည် ခြေလှမ်းတစ်လှမ်းတည်းဖြင့် ပေတစ်ရာကျော်ခန့်ခုန်ပျံ၍ အိမ်တော်ဝင်းအတွင်း ဝင်ရောက်လိုက်သည်။ အိမ်တော်အတွင်းမှ အဆောင်တစ်ခု၏ ခေါင်မိုးထက်တွင် တိတ်တဆိတ်ဝပ်ကာ အခြေအနေကြည့်၏။
အိမ်တော်ဝင်းကြီးသည် နှစ်ဧကကျော် ကျယ်ဝန်းပြီး အမှုထမ်းအချို့ကင်းလှည့်နေသည်။အထူးအစောင့်များကလည်း အမှောင်ထုထဲတွင် လျှို့ဝှက်၍ စောင့်ရှောက်နေကြသည်။
"ဓမ္မမျက်လုံး၊ မြင်စမ်း" ချင်ယွင်က သူ့မျက်လုံးများအတွင်း ဓမ္မပုံစံများကိုစုစည်းစေပြီး သူ၏ဓမ္မမျက်လုံးများကို ထပ်မံဖွင့်ကြည့်လိုက်သည်။
အထူးအစောင့်နှစ်ယောက်နှင့် ကင်းလှည့်နေသောအမှုထမ်းခြောက်ယောက်တို့၏ ရောင်ဝါများသည် ဓမ္မမျက်လုံး၏အကြည့်အောက်တွင် ရှင်းလင်းစွာပေါ်ထွက်လာသည်။ ဆက်လက်၍ သူ့အစ်ကိုချင်အန်၊သူ့မရီးနှင့် ကလေးနှစ်ယောက်၏ ရောင်ဝါများကို ထပ်မံကြည့်ရှုလိုက်ပြန်သည်။ သူတို့အိပ်မောကျနေချေပြီ။
ရောင်ဝါထွက်ပေါ်နေမှုအား အဆောက်အအုံများ ကာဆီးထားသော်လည်း ချင်းယွင်၏ ဓမ္မမျက်လုံးစွမ်းရည်အားဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။"ရှာစမ်း''
မိစ္ဆာရောင်ဝါထွက်ပေါ်ရာနေရာကို အလျင်အမြန်ရှာဖွေလိုက်လေသည်။ ၎င်းင်းအငွေ့အသက်သည် အမျိုးသမီးအစေခံများနေသည့် အခန်းတစ်ခန်းထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
