ဆရာ့ရဲ့ လင်း (1)

5 0 0
                                    

ဒီလိုပုံစံနဲ့လင်းကို လက်လွှတ်လိုက်ရတာ သိပ်ကိုရင်နာစရာကောင်းတယ်။ ချန်ခဲ့တဲ့သူနဲ့ ကျန်နေခဲ့တဲ့သူ ဘယ်သူက ပိုနာကျင်ရသလဲမသိတော့ပါဘူး။ ချန်ခဲ့တ​ဲ့သူရဲ့ အနာတရတွေကိုလည်း တွေ့ရ၊ ကျနော်အပါအဝင် ကျန်နေခဲ့တဲ့သူတွေရဲ့ ခံစားချက်တွေလည်း မြင်ရ။
.........................

ကျနော့်ကို လင်းက သူ့အတွေးထဲက သူ့ကမ္ဘာကိုခေါ်တယ်။ ဖြစ်ရိုးဖြစ်စဥ်ပုံစံခွက်ထဲမှာ တစ်ပုံစံတည်းလည်ပတ်နေရတဲ့ကျနော့်အတွက်တော့ လင်းကမ္ဘာက အသစ်အဆန်းပဲ။ လင်းကပြောတယ်။ ကိုယ့်ကိုယ်ကို သတ်သေတဲ့သူတွေကို ဆရာဘယ်လိုမြင်လဲတဲ့။ ဘာမှမပြောပဲ လင်းစကားကိုပဲ ဆက်နားစွင့်နေလိုက်တယ်။ သတ်သေတယ်ဆိုတာ သေဖို့က နေဖို့ထက် ပိုပြီး မနာကျင်လို့တဲ့။ နေဖို့အကြောင်းပြချက်တွေမရှိတဲ့အခါ သေဖို့အကြောင်းပြချက်တွေ ပေါ်လာတယ်တဲ့။ လင်းကမ္ဘာဟာ တစ်ခါတစ်လေ စွဲလမ်းခြောက်ခြားစရာပါပဲ။ လင်းကို ငေးကြည့်တော့ ကျနော်ရှိတယ်ဆိုတာတောင် သတိမထားမိတော့တဲ့ပုံနဲ့။ ဆေးရုံပြတင်းပေါက်ကနေ မြင်ရတဲ့ တိမ်ဖြူဖြူကောင်းကင်ပြာပြာကို ငေးလို့။ လင်း လက်က သွေးကြောကိုရှာပြီး အပ်နဲ့ထိုးတော့ နှုတ်ခမ်းက ခပ်တင်းတင်းလေးဖြစ်သွားတယ်။ ဒါလည်း စက္ကန့်ပိုင်းပဲ။

လင်းဟာ ဘယ်သူကမှ သူ့ကိုမပြောပြရသေးပါပဲနဲ့ ကျနော်တို့အမူအရာတွေကတစ်ဆင့် အရာရာကြိုသိနေသလိုပါပဲ။ ငိုထားတဲ့မျက်လုံးမို့မို့တွေကို အားတင်းပြုံးပြီး ဘာစားချင်သလဲမေးတဲ့ လင်းမေမေရယ်၊ ခါတိုင်းထက်ပိုပြီး တိတ်ဆိတ်နေတဲ့လင်းဖေဖေရယ်၊ ကျနော့်ရဲ့ ဟန်မဆောင်တတ်တဲ့ ဝမ်းနည်းပုံရိပ်တွေရယ်က လင်းရိပ်မိစေဖို့ လုံလောက်နေတယ်ထင်ပါတယ်။

ဒီလိုတွေရိပ်မိနေလို့ထင်တယ်။ လင်းက စာအုပ်တွေကို နေ့မအားညမအားဖတ်တယ်။ မျက်စိညောင်းလို့မဖတ်တဲ့အချိန်တွေဆိုရင်လည်း စိတ်ကူးထဲက ကမ္ဘာကို ခါတိုင်းထက်ပိုပြီး လှပ်ဟပြတတ်တယ်။ စာအုပ်ဝယ်ဖို့ လင်းကိုလိုက်ပို့တော့ ဘာလို့ ဒီလိုဖတ်တာလဲမေးမိတယ်။ ဖတ်ချင်လို့လို့ပဲ လင်းကဖြေတယ်။ ညဆိုလည်း မအိပ်ပဲ စာတွေပဲ ကုန်းရေးနေတယ်လို့ လင်းရဲ့နာပ်စ်က ပြောတယ်။ အိပ်ခိုင်းရင် ခဏပဲ အိပ်ဟန်ဆောင်ပြီး စာတွေထရေးနေပြန်တယ်တဲ့။

LinnWhere stories live. Discover now