ပိတောက်ပုံပြင် (Unicode)

3.8K 248 14
                                    

ထိုသင်္ကြန်အကြိုနေ့ကိုမှတ်မိနေသေးသည်။ ထိုနေ့မနတ်က တစ်ဖက်ခြံထဲက ပိတောက်ပင်ကြီးတွင် ပိတောက်ပန်းတွေ ဝေဆာအောင်ပွင့်နေခဲ့သည်။

"ကောင်းဆက်နိုင်ရေ။ ရရဲ့လား။ ဖြည်းဖြည်းတက်ဦး။ ဒါနဲ့ ဟိုဘက်နားက ပိတောက်ပန်းတွေက ပိုပြီးလှတယ်။"

နဒီက အောက်ကနေ လှမ်းအော်သည်။ ကောင်းဆက်နိုင်မှာ ပိတောက်ပင်ရဲ့အခက်အလက်တွေကို တွန်းဖယ်ရင်းနှင့် နဒီပြောသောပိတောက်ကိုင်းဘက်ကိုကုပ်တွယ်ပြီးသွားလိုက်သည်။ ပိတောက်ပင်က တစ်ဖက်ခြံထဲမှာရှိပေမယ့် အပင်ရဲ့ အကိုင်းအခက်တချို့က ခြံအပြင် လမ်းမဘက်သို့ပင်တိုးထွက်လို့နေသည်။ ထိုကြောင့်ပင် ကောင်းဆက်နိုင် ခြံစည်းရိုးအပေါ်ကတော့ ခုန်တွယ်ပြီး အပင်ပေါ်သို့တက်လာခဲ့ခြင်း။ နဒီပြောတဲ့ပိတောက်ကိုင်းက တစ်ဖက်ခြံရဲ့ပိုင်နက်ထဲမှာမို့ ကောင်းဆက်နိုင် ခြေလှမ်းတွေကို သတိထားလိုက်မိသည်။ နဒီဆိုတာဟာ ကောင်းဆက်ဟန်ကို အဖြေတောင်မပေးရသေး။ ခုကတည်းက နိုင်စားလွန်းလှသည်။

"အေး။အေး။အဲ့အကိုင်း.အဲ့အကိုင်း။"

နဒီလှမ်းအော်သည်နှင့် ကောင်းဆက်နိုင် ထိုပိတောက်ကိုင်းကို လှမ်းပြီးဖမ်းဆွဲပစ်လိုက်သည်။ ထိုအချိန်မှာပင် ခြေနင်းထားရာပိတောက်ကိုင်းက ကောင်းဆက်နိုင်၏ ကိုယ်လုံး အလေးချိန်ကိုမခံနိုင်သည်နှင့် ကောင်းဆက်နိုင် ပိတောက်ပင်ပေါ်မှပြုတ်ကျလေတော့သည်။ အကိုင်းက ဖြည်းဖြည်းချင်းညွတ်ကျလို့သာ နောက်စေ့နှင့် မြေကြီး မိတ်မဆက်မိခြင်းဖြစ်သည်။သို့သော် ခြေချင်းဝတ်တစ်ဖက်က နာကျင်မူက စူးခနဲ။ ကောင်းဆက်နိုင် အသံနက်ကြီးနှင့် အားခနဲ အော်လိုက်မိသည်။ တစ်ဖက်ခြံရဲ့အိမ်ထဲမှ လူတစ်ယောက်ပြေးထွက်လာသည့်နောက်တော့ နဒီသည်မျက်စိတမှိတ်အတွင်းလှစ်ခနဲ ပျောက်ကွယ်သွားလေသည်။ ကောင်းဆက်နိုင် ကိုယ်ပေါ်မှာလည်း ကိုယ်တိုင်ခူးလာသော ပိတောက်ကိုင်းကြီးက အုပ်လျက်သားနှင့်။

"အဆင်ပြေရဲ့လား။လာ။ထ။ထ။"

ကောင်းဆက်နိုင် မော့ကြည့်လိုက်တော့ ပိတောက်ခက်တွေကြားမှ မြင်လိုက်ရသော ယောကျင်္ားပျိုတစ်ယောက်၏ မျက်နှာ။ ကောင်းဆက်နိုင်ထက် အသက်ငါးနှစ်ကျော်လောက်တော့ ကြီးမည်ဟု ခန့်မှန်းလိုက်မိသည်။ကောင်းဆက်နိုင်က ဆယ့်ခြောက်နှစ်ကိုး။ ထိုလူကကောင်းဆက်နိုင်ကို ပွေ့မချီရုံတမယ် ဆွဲထူပြီး သူ့အိမ်ထဲထိ ဆွဲခေါ်သွားလေသည်။ သူကတော့ ခြေချင်းဝတ်အဆစ်ခေါက်သွားတာဟု ပြောသည်။ သူပြောတာကို ကောင်းဆက်နိုင်နားမလည်ပါ။ ကောင်းဆက်နိုင်သိတာ ခြေချင်းဝတ်နာနေသည်ကိုဘဲသိသည်။ လူက အော်ငိုမချမိအောင် အံကြိတ်ထိန်းထားရင်းက ခြေချင်းဝတ်ကို ခပ်ဖွဖွလေး ဆေးလူးပေးနေတဲ့ ထိုလူ့မျက်နှာကို ကောင်းဆက်နိုင် မဝံ့မရဲ ကြည့်မိသည်။ ကောင်းဆက်နိုင် မွေးကတည်းက ဒီမှာနေလာတဲ့ တလျှောက်လုံးထိုလူကိုတစ်ခါမှ မမြင်ဖူးခဲ့ပါ။ ၀ါဝင်းတဲ့အသားအရည်နှင့် ထူထဲတဲ့မျက်ခုံးတွေဟာ ထိုသူ့ကိုကြည့်ကောင်းသည်ဟု ထင်မှတ်ရလေအောင် ထောက်ပံ့ထားလေသည်။ ကောင်းဆက်နိုင်သူ့ကိုကြည့်နေသည်ကို ရိပ်မိသွားလို့လားမသိ။ မော့ကြည့်လာတဲ့ သူ့အကြည့်တွေကို ကောင်းဆက်နိုင်ခပ်မြန်မြန် မျက်နှာလွှဲပစ်လိုက်သည်။ သူ့ရယ်သံခပ်ဖွဖွကိုတော့ မကြားချင်ယောင်သာဆောင်ထားလိုက်သည်။

ပိတောက်ပုံပြင် Wo Geschichten leben. Entdecke jetzt