" တီ တီ တီ တီ "
" ဘယ်သူလဲဟာ "
အိပ်ပျော်လုနီးပါး ဖြစ်နေခါမှ ဖုန်းသံကထွက်လာသည်။ စိတ်မကြည်လို့ စောစောအိပ်ပါတယ်ဆို ဘယ်ကဖုန်းဝင်လာသလဲမသိ။
" ဘယ်သူလဲ "
" အိပ်ပုတ်လေး ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ မနက်ဖြန်အတွက် ကိုယ်မျှော်လင့်နေမယ်နော် "
ပြောချင်တာပြော၍ ချသွားလေသော ဖုန်းကို ကြောင်အကာ ကြည့်နေမိသည်။ ဒီအသံ ... ဒီအသံ ...
မဟုတ်လောက်ဘူးမလား။ ဘယ်လိုလုပ်ပြီး သူက သူမဆီ ဖုန်းဆက်လာမှာလဲ။
ဖုန်းသရဲတွေကပဲ အသံဖိုင်နဲ့ လာနောက်တာနေမှာပါ။ ဟုတ်တယ် လာနောက်တာနေမှာ။
အိပ်ပျော်လုလု ဖြစ်ခါနီးမှ အာရုံထဲရောက်လာတာကြောင့် သူမတကယ်အိပ်မပျော်တော့တာ မလွန်ဘူးမလား။
.............
" တီ တီ "
လာပြန်သောဖုန်း။ ဒီနံပါတ် ... ဒီနံပါတ်က ညက နံပါတ်။
" ဟယ်လို "
" လှလှလေးဝတ်ပြီထွက်ခဲ့ပေး "
ဟင်။
...............
အိမ်ရှေ့မှာ ကားကိုမှီရင်း ရပ်နေသော သူ။ အမြဲမြင်နေကျ မျက်နှာပေါ်က အပြုံးလေးနဲ့။
" တကယ်ကြီးလား "
အိပ်မက်များမက်နေသလားဟု လက်ကိုဆွဲဆိတ်မိသည်။ မနာဘူးပဲ။ တကယ်အိပ်မက်ပဲနေမှာ။ ဒါပေမဲ့ ဒီအိပ်မက်လေးက လှလိုက်တာ။
" တက်ပါခင်ဗျာ "
" ကျေးဇူးပါ "
ကားတံခါးလာဖွင့်ပေးတာကိုက လူကြီးလူကောင်းဆန်ဆန်။
ကားပေါ်ရောက်မှ သတိထားမိသည်။ အဖြူရောင်ရှပ်ပေါ် အမည်းရောင်ဆွယ်တာခံပြီးမှ အပေါ်က အဖြူရောင်ကုတ်ထပ်ဝတ်ထားသည်။ ရှင်းသန့်နေသော မျက်နှာကို သူမငေးနေမိသည်။ ဘုရားရေ။ ကြည့်ကောင်းလိုက်တာ။
" ဟို ဘာလို့လာခေါ်တာလဲဟင် "
" birthday girl အတွက် လှပတဲ့ birthday date လေး ဖန်တီးပေးချင်လို့ "