Zawgyi
"အို ...သမီးရေ ဟုတ်ပါပီ ဟုတ်ပါပီ ဘာတွေများအလိုမကျလို့ ဒီလောက်တောင်ငိုနေရတာလဲကွယ်"
တစ်ထပ်တိုက်အိမ်လေးအထဲမှ ကလေးလေး၏ငိုသံနှင့်အတူထွက်ပေါ်လာသော အမျိုးသမီးတစ်ယောက်၏အသံအား အဆက်မပြတ်ကြားနေရလေသည်။သို့သော် အိမ်ရှေ့ခုံလေးပေါ်တွင်ထိုင်နေသောကောင်လေးသည် တစ်ချက်လှည့်ကြည့်လိုက်သော်လည်း ကြည့်မြဲအတိုင်းသာ ပုဇွန်ဆီရောင်သန်းနေသော ကောင်းကင်ကြီးအားပြန်ကြည့်နေလိုက်ကာ လက်ထဲမှ စီးကရက်ကိုသာသောက်နေလေသည်။ ညနေခင်း လေအေးများသည် ပင် အဆက်မပြတ်တိုက်ခတ်နေသောကြောင့်ထိုကောင်လေး၏အနည်းငယ်ရှည်နေသောဆံပင်လေးသည်ပင်ရှုပ်ထွေးနေလေသည်။
"ထက်ဝေ သမီးလေး အရမ်းငိုနေတယ် ချီလိုက်ပါအုံး"
နောက်ကျောဘက်အား ကလေးလေးချီကာရောက်လာသောမေရီ ၏ အသံကြောင့်ထက်ဝေသည် သောက်လက်စ စီးကရက်အားမြေပြင်ပေါ်ပစ်ချကာ ခြေထောက်ဖြင့်နင်းချေလိုက်လေသည်။ ထို့နောက်အသံကြားရာဘက်သို့လှည့်ကြည့်လိုက်ချိန်တွင် မေရီသည် သမီးလေးအားချီကာ ရပ်နေလေသည်။ သမီးသည်မေရီလက်ပေါ်တွင် တအီအီငိုနေကာ နှာရည်များပင်ကျနေလေသည်။
"လာ သမီးလာ ဖေဖေ့ဆီကို"
ပြောရင်းပင် မေရီလက်ထဲမှ သမီးအားလွှဲပြောင်းယူလိုက်ချိန်တွင်သမီးက အငိုတိတ်သွားကာ ထက်ဝေ၏ လည်ဂုတ်အားဖက်ထားလေသည်။
"တွေ့လားကိုရှိုင်းထက်ဝေ ရှင့်သမီးဒေါ်ထက်ဟေသာမောင် ကရှင့်လက်ထဲဆို တစ်စက်လေးမငိုဘူး"
ထက်ဝေသည် သမီးလေးအားကြည့်နေရင်းဖြင့်ပြုံးပြလိုက်လေသည်။မေရီသည် လက်ထဲတွင်လည်း သမီးလေးအတွက် ကစီနှစ်တိုက်ထားသော ထမင်းနှင့်ပြုတ်ကြော် ကျော်ထားသော ကြက်သား အတုံးသေးသေးလေးများထည့်ထားသောပန်းကန်အားကိုင်ထားလေသည်။ ထို့ပြင် tissue တစ်လိပ်ပါ ပါလာလေသည်။
"သမီးလေး ဖေဖေ့သမီးလေး ဟေသာက ဘာတွေအလိုမကျလို့ ငိုနေရတာလဲ ဟင်"
ထက်ဝေသည်ပြောရင်းပင် သမီး၏ မျက်ရည်များနှင့်နှာရည်များအားသုတ်ပေးလိုက်လေသည်။ ထိုအခါမှ သမီးက ထက်ဝေအားရယ်ပြကာ ထက်ဝေ၏မျက်နှာနှင့်နားရွက်များအား လက်သေးသေးလေးဖြင့်လိုက်၍ ကိုင်နေလေသည်။
YOU ARE READING
ကိုကို (Z+U)(One Shot)
General Fictionဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။