zawgyi
မနက်ခင်းတိုက်ခတ်လာတဲ့ လေပြေတွေက အေးစိမ့်နေပေမယ့် ထယ်ယောင်း တစ်ယောက် ကျောင်းရှေ့မှာ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေမိသည်။
ထယ်ယောင်း တစ်သက်လုံး အလုပ်လုပ်ရင်တောင် မစီးနိုင်မယ့် အမဲရောင် ကားလေးပေါ်က ဆင်းလာတဲ့ တစ်စုံတစ်ယောက်ကို တွေ့တော့ ထယ်ယောင်း ပျော်သွားရသည်။
ကားပေါ်ကနေ ခပ်မြန်မြန် ဆင်းလာတဲ့ တစ်စုံတစ်ယောက်ကြောင့် ထယ်ယောင်း လက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ကာ ထိုတစ်စုံတစ်ယောက် ဘေးသို့ အလျှင်မြန် ပြေးသွားလိုက်သည်။
" စီနီယာ! စီနီယာ! "
ခေါင်းကို အောက်ငုံ့ကာ လမ်းလျှောက်နေတဲ့ စီနီယာ့အရှေ့ကို ထယ်ယောင်း ပိတ်ရပ်လိုက်တော့ ခေါင်းမော့ကြည့်လာသည်။ အကယ်၍ ထယ်ယောင်းသာ အရှေ့မှာ ပိတ်မရပ်လိုက်ဘူးဆိုရင် စီနီယာက ထယ်ယောင်းကို လှည့်တောင် ကြည့်မှာမဟုတ်။
" စီနီယာ ခဏ! "
ပိတ်ရပ်ထားတဲ့ ထယ်ယောင်းကို ရှောင်ကာ ထွက်သွားဖို့ လုပ်နေတဲ့ စီနီယာ့ လက်ကို ထယ်ယောင်း အလျှင်မြန် ဖမ်းဆွဲလိုက်သည်။ စူးစူးစိုက်စိုက် ကြည့်လာတဲ့ စီနီယာကြောင့် ထယ်ယောင်း အလျှင်မြန်ပင် ကိုင်ထားသည့်လက်ကို လွှတ်ချလိုက်သည်။
" ဟိုပြောစရာရှိလို့.. "
" ငါမအားဘူး! "
မအားဘူးဆိုတဲ့ စကားတစ်ခွန်းနဲ့ စီနီယာဟာ ထယ်ယောင်းကို ငြင်းဆန်ခဲ့သည်မှာ တစ်ခါနှစ်ခါ မဟုတ်တော့။ ထယ်ယောင်း ခပ်မြန်မြန်ပင် စီနီယာရဲ့ လက်ကောက်ဝတ်ကို ဆွဲကာ အားကစားရုံသို့ဆွဲခေါ်လာလိုက်သည်။
တစ်လမ်းလုံး ရုန်းကန်ခြင်းမရှိဘဲ စီနီယာက ထယ်ယောင်းဆွဲခေါ်ရာကို အေးဆေးသာ လိုက်လာခဲ့သည်။
" စီနီယာ.. "
" စီနီယာ စီနီယာနဲ့ ခေါ်မနေဘဲ ပြောစရာရှိတာကို အမြန်ပြောစမ်းပါ! "
ထယ်ယောင်းဘက်က ချိုချိုသာသာလေး ပြောလိုက်ပေမယ့် စီနီယာကတော့ လက်ကောက်ဝတ်ကို ရုန်းကာ ထယ်ယောင်းကို အော်လာသည်။