Unicode
Adorable You
ရှောင်းကျန့် တိုက်နယ်ဆေးရုံလေးမှာ SMO (တိုက်နယ်ဆရာဝန်) အဖြစ်နဲ့ တာဝန်ကျတာ အခုဆို နှစ်နှစ်မြောက်ရှိပြီ။
ဂျူလိုင်လရဲ့နေရောင်ခြည်က အုံ့ဆိုင်းဆိုင်းသစ်ပင်ကြီးတွေကိုထိုးဖောက်ပြီး ဆေးရုံရှေ့က သံပံတလင်းကွင်းပြင်ဆီ နေပြောက်လေးတွေ ကျနေတယ်။ ဆေးရုံနဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ လယ်ကွင်းဆီက စပါးပင်စိမ်းစိမ်းတွေက လေရူးမွှေတိုင်း ဟို ဒီ ယိမ်းတယ်။ ဒီကိုရောက်စကတော့ အခုလိုမြင်ကွင်းတွေက တကယ်ကို ငြီးငွေ့ချင်စရာကောင်းတာ။ အခုတော့ တော်တော်လေးနေသားကျနေပြီ။ နယ်ခံတွေရဲ့ ဖော်ရွေမှုကိုလည်း သူသဘောကျတယ်။
မြို့ပြလိုနေရာမျိုးမှာ နားရှုပ် မျက်စိရှုပ်နဲ့ မျက်နှာဖုံးစွပ်အပြုံးတွေချည်းပဲ။
သဘာဝရဲ့စစ်မှန်ခြင်းဆိုတာကို သူ ဒီမြို့လေးမှာ ရှာတွေ့ခဲ့တယ်။"ဒေါက်တာ....ဒေါက်တာ....
ဒီမှာကလေးမွေးချင်နေလို့ လုပ်ပါဦး"ယောက်ျားလေးတစ်ယောက်ရဲ့ သြရှရှအော်သံကို ကြားတော့ သူ့အခန်းထဲကနေ အသံလာရာ ဆေးရုံအပေါက်ဝကို လှမ်းကြည့်မိတယ်။ ကိုယ်ဝန်ဆောင်သည်ကို လက်တစ်ဖက်ကတွဲထားရင်း Nurse တစ်ယောက်နဲ့စကားပြောနေတဲ့ ကောင်လေး။
ရှောင်းကျန့် သူ့နဖူးပေါ်ဝဲကျနေတဲ့ ဆံသားအိအိတွေကို လေနဲ့မှုတ်ထုတ်ပစ်လိုက်တယ်။ မနက်ထဲက မွေးလူနာတွေဆက်နေတာ။ အခု ဖင်ပူအောင်တောင်မထိုင်ရသေးဘူး။ မွေးလည်း မွေးနိုင်လွန်းတဲ့ ရှင်မွေးလွန်းတွေ။
သူ့အခန်းထဲရောက်လာတဲ့ ကိုယ်ဝန်ဆောင်လူနာကို မေးစရာရှိတာမေးတယ်။ အသက် ၃၅နှစ်အရွယ်ဖြစ်ပြီး ကိုယ်ဝန်ကို သူ့ဆီမှာ တစ်ခါမှလာမပြဖူးဘူး။
"ဒါ ဘယ်နှစ်ယောက်မြောက်လဲ"
"သုံးယောက်မြောက်ပါ ဒေါက်တာ"
ခုံပေါ်မှာထိုင်နေရင်း မျက်နှာမအီမသာနဲ့ ဖြေနေတဲ့ လူနာကြောင့် မွေးခန်းထဲအမြန်ခေါ်သွားရတော့မယ်ဆိုတာ သူသိတယ်။ သုံးယောက်မြောက်ဆိုတော့ အထဲက ကလေးက အာမထိလျှာမထိနဲ့ လျောလျောရှူရှူ အမြန်ထွက်လာမှာ။ မေးစရာရှိတာ မြန်မြန်မေးပြီး လူနာကို မွေးခန်းထဲ ရွေ့ခိုင်းလိုက်တယ်။