သူ အမှောင်ကို ချစ်သည်။ ပြောရမည်ဆိုလျှင် သူသည် အမှောင်၌သာ မွေ့လျော်သော ကြောင်နက်တစ်ကောင်ကဲ့သို့...
လက်ကြားက ဆေးလိပ်မီးခိုးငွေ့တွေ ကြည့်ရင်း မြို့ပြအလင်းရောင်တို့အောက် ဒူးထောက်ခဲ့ရသော ကြယ်တို့၏ မှေးမှိန်မှုကို ငေးကြည့်ရတာကို သူသဘောကျသည်။ အတိတ်ကို ခြေရာကောက်စရာ မရှိသော သူ့အတွက် မည်းမှောင်နေသော ကောင်းကင်က စိတ်အာဟာရ။ အတွေးတို့ လူးလွန့်ရင်း သူ့ဘဝအကြောင်း တွေးကြည့်ပါက အဖြေမရှိသော ပုစ္ဆာတစ်ပုဒ်သာ။
မှောင်မည်း ရှုပ်ပွနေသော တိုက်ခန်းကျဉ်းလေးအတွင်း ဝရံတာထွက်ကာ ဆေးလိပ်သောက်ရခြင်းက တစ်ခုတည်းသော သူ၏ နိဗ္ဗာန်ဘုံ။
သူ့အခန်း ပတ်ဝန်းကျင်မှာ ဘယ်သူရောက်ရောက်၊ ဘာလုပ်လုပ် သူစိတ်မဝင်စား။ သူစိတ်ဝင်စားသည်က ဆေးလိပ်ထွက်သောက်တိုင်း တွေ့ရတတ်သော ဘေးအခန်းဝရံတာက အင်္ကျီအဖြူနှင့် ကောင်လေးကိုသာ။
ထိုကောင်လေးသည် နေ့စဉ်နေ့တိုင်း အဖြူကိုသာ ဝတ်ဆင်သည်။ တီရှပ်အဖြူ၊ လည်ကတုံးအဖြူ၊ စွပ်ကျယ်အဖြူ၊ အဖြူတို့ကိုသာ နေ့တိုင်း ဆင်မြန်းသည်။ သူဝတ်ဆင်သော အရာတို့အတိုင်း သူ့မျက်နှာသည်လည်း အဖြူထည်။
သူ့ကို မြင်လျှင် ပြုံးပြမည်။ သူ့အတိုင်း ကောင်းကင်ကြီးကို လိုက်ငေးမည်။ တစ်ခါတစ်ရံ ဆေးလိပ်ငွေ့တို့ သူ့ကိုရိုက်လျှင် နှာခေါင်း ရှုံ့တတ်သေးသည်။
အနက်အတိပြီးသော သူ့အတွက်တော့ ကောင်လေး၏ အဖြူထည်ဆန်ခြင်းက စိတ်ဝင်စားမှုကို ဖြစ်စေသည်။ သူ ပင်ပန်းမောဟိုက်နေချိန်တွင် ကောင်လေးက လန်းဆန်းတက်ကြွနေတတ်သည်။ ဆက်လက်ရှင်သန်ရန် အကြောင်းပြချက်တို့ သူစဉ်းစားနေချိန်တွင် ကောင်လေးက အသစ်တစ်ဖန် မွေးဖွားရှင်သန်လာသူ တစ်ဦးကဲ့သို့ သစ်လွင်နေတတ်ပြန်သည်။
နေ့တိုင်းနီးပါး မျက်နှာချင်းဆိုင်ဖြစ်နေသော်လည်း ထိုကောင်လေးအကြောင်း သူမသိ။ သို့သော် သူမသိသော ကောင်လေးက သူ့အကြောင်း ကောင်းကောင်းသိနေပြန်သည်။
"အစ်ကိုက ထမင်းကို ဖြစ်သလို သိပ်စားတယ်ထင်တယ်။ ကျန်းမာရေးအတွက် မကောင်းဘူးဗျ။ လူပင်ပန်းရင်တောင် အစာအိမ်လေးကိုတော့ ကောင်းကောင်းထားပါဗျာ။"
![](https://img.wattpad.com/cover/238164999-288-k258809.jpg)
YOU ARE READING
Dark (Completed)
Bí ẩn / Giật gânကောင်းကင်ကြီးရယ်၊ ဘေးနားက ချစ်သူရယ်၊ ကော်ဖီတစ်ခွက်ရယ်၊ ပုံပြင်တစ်ပုဒ်ရယ်