"ဘယ်လောက်တောင် လှလိုက်တဲ့တိမ်တွေလဲ..."
ပြာလဲ့နေတဲ့ကောင်းကင်ကြီးနဲ့ တိမ်တိုက်ဖြူဖြူတွေကို မော့ကြည့်ရင်း ကျမ တကိုယ်တည်းရေရွတ်မိတယ်.
ပန်းခြံထဲမှာ ၂နာရီလောက်ကြာအောင် ပန်းချီထိုင်ဆွဲနေပြီးတော့ ညောင်းကိုက်နေတဲ့ ကျောပြင်ကိုအနားပေးတဲ့အနေနဲ့ မြက်ခင်းပေါ်ပက်လက်လှန်ချလိုက်ရင်း လက်နှစ်ဖက်ကို ခေါင်းအုံးနေလိုက်တယ်.
ပန်းခြံထဲပြေးလွှားဆော့နေတဲ့ ကလေးလေးတွေရဲ့ပုံလေးတွေကိုပန်းချီပြန်ဆွဲရတာ ပျော်ဖို့ကောင်းတယ်. အပူအပင်ကင်းတဲ့ အဖြူထည်စိတ်နှလုံးသားလေးတွေ...
ဆေးတွေဟိုတစဒီတစ စွန်းနေတဲ့ ဂျင်းဘောင်းဘီမိုးပြာရောင်နဲ့ ဆေးအနည်းငယ်ပေနေတဲ့လက်ချောင်းတွေကို ဂရုမစိုက်ပဲ, စုတ်တံတွေဆေးဘူးတွေမသိမ်းရသေးပဲ မြက်ခင်းပေါ်ပက်လက်လှဲနေရင်းက မျက်လုံးတွေစင်းလာတယ်. အိပ်ပျော်ခါနီးအချိန်မှာ ရှပ်အင်္ကျီအိပ်ကပ်ထဲထည့်ထားတဲ့ဖုန်းက vibrate ဖြစ်လာလို့ ကြည့်လိုက်တော့ message တစောင်ဝင်လာတယ်."ညစာစားသွားနော်"
"အင်း"
ကျမ အင်း တလုံးပဲ စာပြန်ပြီးနောက် လှဲနေရာကထပြီး ပန်းချီပစ္စည်းတွေကိုသိမ်းလိုက်တယ်. ဒီနေ့ဆွဲတဲ့ ပန်းချီကားက ဆိုဒ်သေးတာမို့ stand တွေမယူလာပဲ ကတ်ထူပြားပေါ် တင်ဆွဲတာကြောင့် သယ်စရာတော့သိပ်များများစားစားမရှိဘူး.
လွယ်နေကျ ကျောပိုးအိတ်အကြီးထဲ ပစ္စည်းတွေစုထည့်ပြီးလွယ်လိုက်ပြီးနောက် ဘေးမှာထောင်ထားတဲ့ စက်ဘီးကိုဒေါက်ဖြုတ်လိုက်ကာ ခပ်မှန်မှန်နင်းလာလိုက်တယ်.
ပန်းခြံကိုကျောခိုင်းပြီးထွက်လာခဲ့တဲ့ ဦးတည်ရာက သူမငှါးနေတဲ့ တိုက်ခန်းဆီကို...ခပ်တိုးတိုးနဲ့ ဆက်တိုက်ပေါ်လာတဲ့ တံခါးခေါက်သံ ၂ချက်အဆုံးမှာ တံခါးကပွင့်သွားပြီး သူမက ပြုံးရွှင်စွာကြိုတယ်.
" ဒီနေ့တော့ ramen မှာထားတယ်. ခက် ကြိုက်တဲ့ miso ဟင်းရည်လည်းပါတယ်"
ကျမနာမည်မှာ ခက် တလုံးမှ မပါပေမယ့် သူကတော့ ခက် လို့ပဲခေါ်တယ်. ပေါင်းရသင်းရ ခက်ပြီး စိတ်ကိုလည်းခန့်မှန်းရခက်လွန်းလို့တဲ့.
သူမကဟင်းမချက်တတ်ပေမယ့် ကျမကြိုက်တာလေးတွေတော့ ဝယ်ကျွေးတယ်. သူ့ကိုတခုခုပြန်ကျွေးဖို့ကိုတော့ တော်တော်ကို ရန်ဖြစ်ယူရတယ်. စသိကတည်းက အခုအချိန်ထိ ဘာတခုမှ ကျမဆီက သူမယူခဲ့ဖူးသေး.
ကျမတို့ ဘယ်အချိန်က စသိခဲ့သလဲတော့ သေချာမမှတ်မိတော့ပါ. လူတွေ တွေ့ဆုံ ခွဲခွါတာနဲ့ ပတ်သတ်ပြီး ကျမသိပ်တော့ အရေးတယူမရှိတာ အခုမှမဟုတ်ပဲ.
