"ဂုတ်ကိုတစ်ချက်...ကော်လံကိုတစ်ချက်...လက်ကောက်ဝတ်ကိုတစ်ချက်...ရွှီးရွှီးရွှတ်ရွှတ်..."
အမြဲကျော့နေမော့နေအောင် ဝတ်စားဆင်ယင်တတ်ပြီး အလှကြိုက်တဲ့ အမေကြောင့် ကျွန်တော်က လိုတာထက်ပိုပြီး ကျော့ကျော့မော့မော့နေတတ်သည်။ ကျောင်းဆင်းခါနီးတိုင်း ရေမွှေးစွတ်၊ Eyeliner လေးပြန်ဆိုး၊ ဆံပင်လေးပြန်မသရရင် အိမ်မပြန်တတ်။ သူငယ်ချင်းတွေကတော့ "ယောက်ျားတန်မဲ့ အလှကြိုက်တယ်" ဝိုင်းပြောကြပေမဲ့ တကယ်တမ်း ကျွန်တော်က အလှကြိုက်တာမှ မဟုတ်တာ။ သပ်သပ်ရပ်ရပ် နေတတ်တာ။ ကျွန်တော် ဒီလိုသပ်သပ်ရပ်ရပ် စည်းစနစ်တကျ နေတတ်ထိုင်တတ်တာကို မေမေက အရမ်းသဘောကျသည်။ မေမေ သဘောကျတာမို့ ကျွန်တော်လဲ ပျော်သည်။
"အဟွတ်...အဟွတ်..."
အသံသြသြနဲ့ ချောင်းဆိုးသံတစ်သံ နောက်ကျောဖက်ဆီက ထွက်လာသည်အထိ ကျွန်တော် ဂရုမပြုမိပဲ ပီတိဖြာသော စိတ်နှလုံးဖြင့် ရေမွှေးဆက်ဆွတ်နေမိသည်။ တခြားနေ့တွေထက် ဒီနေ့ပိုပြီး သန့်ပြန့်မွှေးကြိုင်နေဖို့ လိုအပ်သည်မလား။ တကယ်တော့ ဒီနေ့ ကျွန်တော်တို့ကျောင်းမှာ ပျော်ကပွဲရွှင်ပွဲရှိသည်။ ကျွန်တော်သုံးနှစ်သုံးမိုး တစ်ဖက်သတ်ကြိတ်ကြိုက်ခဲ့ရတဲ့ DoYeon ကို ဖွင့်ပြောမလို့လေ။
"BYUN BAEKHYUN!!!!!!!"
ဒေါသတကြီး နား,နားမှာ ကပ်အော်လိုက်တဲ့ အသံကြောင့် ကျွန်တော်တစ်ကိုယ်လုံး တုန်ခနဲဖြစ်သွားသည်။ ကျွန်တော့်နောက်မှာထိုင်တဲ့ ကျောင်းရဲ့ဖိုက်တာ Park Chanyeol အသံဆိုတာ လှည့်ကြည့်စရာမလိုပဲ ကျွန်တော်သိလိုက်သည်လေ။ ကျွန်တော် ဘုရားတရင်း တုန်တုန်လှုပ်လှုပ်နဲ့ နောက်ကိုလှည့်ကြည့်လိုက်တော့ မျက်မှောင်တွေ တွန့်ကျိုးနေအောင်ကျုံ့ထားတဲ့ Park Chanyeol က သူ့မျက်နှာနားကလေထုကို လက်နဲ့အတင်း ဖယ်ရှားနေသည်။
"ဟုတ်......ဟုတ်ကဲ့"
ကျွန်တော် လည်ပင်းတစ်ခုလုံး ပုခုံးထဲဝင်သွားတော့မတတ် ကျုံ့ကျုံ့လေးလုပ်ရင်း မေးလိုက်သည်။
"မင်း အလှကြိုက်တာလဲ ကြိုက်တာပေါ့...ရေမွှေးကို အဲ့လောက်ဆွတ်နေတာတော့ မဟုတ်သေးဘူး နောက်မှာ အေးဆေးအိပ်နေတဲ့သူတောင် မွှန်တယ်"