အချိန်က မနက်ခင်း(၅)နာရီခန့်သာရှိသေးသည်။ ဝေလီဝေလင်းအချိန်ဖြစ်နေသေး၍ မြင်ကွင်းကသိပ်မရှင်းသေး။ သို့သော် မောင်မောင်မှာ ကိုယ်ပိုင်ဆိုက်ကားလေးကိုနင်းကာ သူတို့လမ်းထိပ်သို့ရောက်နေလေပြီ။
"ဆိုက္ကားလားဗျို့...."
တိတ်ဆိတ်နေသော ရပ်ကွက်ကလေးသည် မောင်မောင့်အသံသြသြကြီးကြောင့် စတင်အသက်ဝင်လာသလိုပင်။ လမ်းသွယ်ထဲကနေ ထွက်လာနေသော အဒေါ်ကြီးက မောင်မောင်ရှိရာဆီ တန်းတန်းမတ်မတ်လာနေသည်။ မောင်မောင်တော့ ဆိုက်ကားထွက်လာသည်နှင့် စျေးဦးပေါက်ချေပြီ။ ဝမ်းသာအားရဖြင့် အဒေါ်ကြီးကိုတင်ကာ စျေးဖက်ဆီသို့ဦးတည်နင်းခဲ့သည်။
မနက်စောစောလေး ဆိုက္ကားထွက်နင်းလျင် စျေးသွား၊ စျေးပြန် ခရီးသည်တွေကိုမိသည်။ မနက်(၁၀)နာရီလောက်ဆို စျေးကွဲပြီဖြစ်သလို မောင်မောင်လဲနေ့တွက်ကိုက်ချေပြီ။ စျေးဖိုးလေးအတော်ရပြီဖြစ်၍ နေ့လည်ထမင်းစားနားကာ တရေးလောက်အိပ်နိုင်သည်။ ညနေခင်း ပြန်ထွက်လျင် စုမဲဖိုးနှင့် အိမ်ဗာဟီရအတွက်ရ၏။ သည်လိုနှင့်နေ့စဥ်လည်ပတ်လာခဲ့သည်။ မောင်မောင်က မုဆိုးမမိခင်ကြီးအတွက် အားကိုးရသော သားကြီးသြရသပီသပါပေ၏။ သူ့အောက်က အငယ်တွေအတွက် အစ်ကိုကြီးပီသပါပေ၏။
မောင်မောင့်ဖခင်က ဆိုက်ကားနင်းသည်။ မိခင်ကဟင်းရွက်စုံရောင်းသည်။ မောင်မောင်သည် ဆင်းရဲသည့်မိသားစုကဖြစ်၍ (၄)တန်းနှစ်မှာကျောင်းထွက်ခဲ့ရသည်။ မြို့ထဲကလက်ဖက်ရည်ဆိုင်တွင် စားပွဲထိုးဝင်လုပ်ရသည်။ မောင်မောင့်အသက် (၁၇) မှာ ဖခင်ဖြစ်သူဆုံးပါးသွားခဲ့သည်။
ဆိုက်ကားဂိတ်မှာမှ ရန်လာဖြစ်သော ရပ်ကွက်လူမိုက်များ၏ရန်ပွဲကြောင့်ဖြစ်၏။ ရုန်းရင်းဆန်ခတ်အခြေအနေကြားမှာ ကံဆိုးစွာဓားစာမိသူအတွက် မည်သည့်နစ်နာကြေးမှမရခဲ့ပေ။ ကံတရားသည် မောင်မောင်တို့မိသားစုအပေါ်ရက်စက်ခဲ့သည်။ အရွယ်ရောက်နေပြီဖြစ်သော မောင်မောင်က ဖခင်၏တာဝန်အား ဆက်ထမ်းခဲ့သည်။ ဖခင်ချန်ခဲ့ပေးသော ဆိုက်ကားကိုဆက်နင်းကာ မိသားစုကိုတာဝန်ယူသည်။
YOU ARE READING
မောင့်အချစ်သာ တကယ်စစ်လေသည်။
Short Storyချစ်ခြင်းဖွဲ့ ဘဝတချို့မှာ ကြည်နူးခြင်းရလဒ်တွေနဲ့ မြတ်နိုးစွာပိုင်ဆိုင်ခွင့်တွေ။