ယနေ့ သောကြာနေ့မို့ထင်သည် ငွေလွှဲသောသူ၊ ငွေထုတ်သောသူများနှင့် စည်ကားလို့နေသည်။ ထို့ကြောင့် ကျွန်တော်လည်း အလုပ်ရှုပ်နေတော့၏။ ကျွန်တော် ဤမြို့မှာ တာဝန်ကျတာ မကြာသေးသောကြောင့် ဝန်ထမ်းတွေနှင့် သိပ်ပြီး မရင်းနှီးသေးပေ။ မလိုအပ်လျှင် စကားမပြောတတ်သော ကျွန်တော့်ကို မည်သူကမှလည်း စကားစ,မပြောရဲကြပေ။ ပေါင်းသင်းဆက်ဆံရေး မကောင်းသော ဤအချက်ကို ပြင်ချင်ပေမယ့် ကျွန်တော်ကိုယ်တိုင်ကလည်း တခြားသူများနှင့် ရောရောနှောနှော မနေချင်ပြန်။ ရှိပါစေတော့ နောက်တော့လည်း ဖြည်းဖြည်းချင်း အဆင်ပြေသွားပေလိမ့်မည်။ လုပ်စရာရှိသည်များကိုသာ ကျွန်တော် ဆက်လုပ်နေလိုက်တော့သည်။
“ အကို ...ဘဏ်စာအုပ်လုပ်ချင်လို့ ”
လွင့်လာသော အသံသာသာကြောင့် မော့ကြည့်မိတော့ နှစ်လိုဖွယ်ပြုံးပြလာသည်။ ကျွန်တော်လည်း ပြန်ပြုံးပြရင်းမှ
“ ဟုတ်ကဲ့ ....ထိုင်ပါခင်ဗျာ”
ကျွန်တော် ပြောလိုက်တော့ သူမက အနောက်ကို လှည့်ကြည့်လိုက်ပြီး
“ ကိုကို ဒီမှာ ”
ဟု လှမ်းပြီး ပြောလိုက်သည်။ ကျွန်တော်လည်း ဘာရယ်မဟုတ် သူမ,ကြည့်ရာ လှမ်းကြည့်မိတော့ ကျွန်တော့် မျက်နှာထက်က အပြုံးတို့ ပျောက်ကွယ်ကုန်ရ၏။
ထိုသူကလည်း ကျွန်တော့်ကို မြင်သောကြောင့်ထင်သည် ခြေလှမ်းတွေရပ်လိုက်ပြီး ကြည့်လာခဲ့သည်။ အံ့ဩသွားဟန်အပြည့်။ ကျွန်တော့်ဘေးက မိန်းကလေးက “ ကိုကို လာလေ ” ဟု ပြောမှ ရပ်ထားသော သူ၏ ခြေထောက်တွေကို ပြန်လည်လှမ်းသည်။
ကြက်သွေးရောင် ရှပ်လက်တိုနှင့် အနက်ရောင်ဘောင်ဘီကို ဝတ်ဆင်ထားသော သူသည် အရင်တုန်းကနှင့် နည်းနည်းမှ မတူတော့ပေ။ ပိုပြီး ရင့်ကြပ်လာသယောင် ထင်ရသည်။
ကျွန်တော် သူ့ကို ငေးနေတာမြင်တော့ သူက နှုတ်ခမ်းတစ်ဖက်ကို ပင့်လိုက်ပြီး ကျွန်တော့်ဆီ တည့်တည့် လှမ်းလာသည်။ ကျွန်တော့်၏ ဝဲဘက်ရင်အုံကလည်း ကုလားခြောက်ကောင် အလောင်းတွေ့သလိုမျိုး ပျော်မြူးစွာ ခုန်ပေါက်လို့နေတော့သည်။