မနှစ်က ဒီလိုလပြည့်နေ့ညလေးမှာပေါ့ ကျွန်တော်နဲ့သူ စတွေ့ခဲ့ကြတာ။အခုဆိုရင် သူနဲ့ကျွန်တော် ချစ်သူတွေဖြစ်ခဲ့တာ ၉လရှိပြီ။အခုလို လှပနေတဲ့ မီးရောင်စုံတွေကိုကြည့်ရင်းနဲ့ ကျွန်တော့်ရင်ခုန်သံတွေက နောက်ထပ်တစ်ဖန် ပြန်လည်ဆန်းသစ်ခဲ့ပြန်တယ်။
.....
"Mew ရေ သွားမယ်လေကွာ။တော်ကြာနေရာမရတော့ဘဲနေမယ်ကွ"Mild ရဲ့အော်ခေါ်သံတွေက ပွက်လောကိုရိုက်နေဆဲမှာပဲ ကျွန်တော် ထွက်လာခဲ့လိုက်တယ်။အခုမှ ကျွန်တော်တို့ မောင်နှမတွေ အဖေနဲ့အမေကို ကန်တော့ပြီးလို့ အဝတ်လဲတုန်းပဲရှိသေးတာကို...ဟင်း..ဒီကောင်ကတော့ ပန်းခင်းလမ်းသွားချင်တာကနည်းနည်း ကောင်မလေးတွေကို လိုက်ကြောင်ချင်တာကများများ ဆိုတဲ့အကောင်မျိုး။သူ့အကြောင်းဆို နောကြေနေပြီ ကျွန်တော့်အတွက်ကတော့...
"ဟျောင့် ပန်းခင်းလမ်းက ပြေးမသွားဘူး ဒီအတိုင်းပဲရှိနေမှာ ပိုကိုပိုလွန်းတယ် မင်းကတော့"
"မင်း အတွက်က ရိုးရိုးပန်းခင်းလမ်းလေ။ငါ့အတွက်က....ဟဲဟဲ"
"တော်တော် ဟျောင့် ကုသိုလ်မရပဲငရဲကြီးတော့မယ်"
ပန်းခင်းလမ်းဆိုတာက ကျွန်တော်တို့မြို့လေးရဲ့ နှစ်စဉ်လုပ်နေကျ ဓလေ့လေးတစ်ခုပေါ့ဗျာ။လပြည့်နေ့ညနေခင်းကစ မြို့လယ် တစ်လျှောက်လုံး သွားလမ်းလေး လုပ်ပြီး အဲ့လမ်းထဲမှာပဲ ပန်းတွေခင်းကြတာပေါ့။
နောက်နေ့ လပြည့်ကျော်တစ်ရက်နေ့ နေ့လည် မွန်းတည့် ၁ နာရီဆို ဝက်ဝက်ကွဲစည်ကားတဲ့ ဆွမ်းဆန်စိမ်းလောင်းပွဲကြီးကို ကျင်းပကြတာပေါ့။ပန်းခင်းလမ်းရဲ့အဓိက ရည်ရွယ်ချက်ကလည်း ဆွမ်းခံတဲ့ သံဃာတော်များ သွားရာလမ်းမှာ ပန်းခင်းလမ်းဖြစ်နေစေဖို့ပဲ ဖြစ်တယ်လေ။
ပန်းခင်းလမ်းကြီးကလည်း အရောင်အသွေးစုံလင်စွာနဲ့ လှပစပြုနေပါပြီ။ပန်းခင်းလမ်းကိုပျော်ရွှင်စွာနဲ့ အလှဆင်နေကြတဲ့ သူတွေကတော့ အသက်အရွယ်မရွေးပါပဲ။
ကလေးကစ လူကြီးအဆုံး သူတို့တွေရဲ့ မျက်နှာထက်က ပျော်ရွှင်မှုတွေကလည်း အထင်းသားမြင်နေရပါတယ်။အဲ့ဒီအပြုံးတွေ အပျော်တွေကို မြင်နေရတာနဲ့တင် ကျွန်တော်ပါပျော်နေသလို ခံစားနေရတယ်။