Zawgyi
*****
မှန်ထဲက တဝက်တပျက်မြင်နေရသောမျက်နှာကို စိတ်အလိုမကျသလိုငေးစိုက်ကြည့်နေရင်း လေပူတချို့ကိုမှုတ်ထုတ်မိသည်။ဆေးမတင်ထား၍ ဖြူဖပ်ဖြူရော် ဖြစ်နေသောနှုတ်ခမ်းများကို ကြည့်ကာ မေမီ့ဒေါသတွေက တဖန်ပြန်ကာထွက်လာပြန်သည်။
စင်ရော်တောင်လိုကော့ညွှတ်သောမျက်ခုံး၊ဖူးငုံပွင့်အာစနှင်းဆီပွင့်နှင့်တူသောနှုတ်ခမ်းတစ်စုံ၊ထူထဲသောမျက်တောင်မွှေးခပ်စိပ်စိပ်၊ဝင်းဝါစိုလွင်သောအသားအရေတို့ဖြင့် မေမီက သာမာန်ကြည့်ပျော်ရှူပျော်အဆင့်ကကျော်ပြီးအတော်အသင့်လှပသောမိန်းမငယ်လေးသာဖြစ်သည်။
ဦးခေါင်းထက်ကမည်းနက်သောပိတုန်းရောင်ဆံကေသာများကို ကြည့်ရင်း စိတ်အလိုမကျစွာဆွဲဖွမိပြန်သည်။တကယ်တော့ ပြီးခဲ့သော နွေတုန်းက သည်ဆံပင်လေးတွေက အညိုရောင်ဖျော့ဖျော့မှာ အခွေအလိမ်တွေဖြင့် မေမီအကြိုက် အလှရိပ်အလှပြင်ဆိုင်မှ မမသင်းက ပုံသွင်းပေးထားခဲ့တာလေ။
ခုတော့ အမည်းရောင်ဖြောင့်စင်းသောဆံနွယ်တွေနဲ့ မိန်းမငယ်တစ်ဦးက မေမီ့ကို မှန်ထဲမှ အလိုမကျသလိုတန်ပြန်ကြည့်နေတာကိုသာမြင်ရသည်။
"မေမီ ပြီးပြီလား ရှစ်မတ်တင်းရှိပြီနော်၊ကျောင်းကနည်းနည်းလှမ်းတော့ ဒီအချိန်လောက်ထွက်မှ တန်ခါကျမယ် "
"ဟုတ် အစ်မ ပြီးပါပြီ"
တဖက်ခန်းက ဆရာမဒေါ်ကြင်ကြင်နုရဲ့ နိုးဆော်သံကြောင့်မေမီခမျာ မှန်ထဲက ကိုယ့်ရုပ်သွင်ကိုယ် ထိုင်ပြီးကသိုဏ်းရှူနေရာမှ ဆံနွယ်တို့ကို ကျစ်ကျစ်ပါအောင် လိပ်တင်ပြီးနောက်တွဲဘိုးလေးဖြင့်ထိန်းညှပ်ကာ ဆံထုံးကိုအလျင်အမြန်ထုံးလိုက်ရင်း အသံပြန်ပြုရလေ၏။
ဟင်း...အိုစာလိုက်တာ နဖူးပြောင်နဲ့ !
ကကြီးပုံနဖူးစပ်က ဆံမျှင်တစ မကျရလေရန် တင်းနေအောင် ထုံးဖွဲ့ထားသည့် ဆံနွယ်တို့အောက်မှာ ထင်းဝင်းစွာပင်။သို့ပေမယ့် မေမီတစ်ယောက်မှာတော့ အလိုမကျနိုင်စွာရှိလေ၏။
တကယ်တော့ မေမီ ဆန္ဒနှင့်လက်ရှိအလုပ်က နည်းနည်းလေးမျှ မအပ်စပ်ချေ။ခေတ်လူငယ်တစ်ယောက်ဖြစ်သည့် မေမီကနှစ်ဆယ်ရာစုရဲ့ လူငယ်ပီပီကေပေါ့ပ်ကို စိတ်ဝင်စားသည်။ရေဆေးပန်းချီတွေကို နှစ်သက်သည်။နှုတ်ခမ်းနီအရောင်ရင့်ရင့်တွေကို ဆိုးတတ်သူ၊အိုင်းလိုင်နာနှင့်မက်စ်ကာရာကို နှစ်သက်သူ ပါးနီရောင်စုံကိုဝယ်စုတတ်ပြီး လက်သည်းအလှပြင်ဖို့ Beauty Salon ကို တစ်လသုံးကြိမ်လောက်သွားတတ်သူ။ဒီလို မေမီခမျာ လက်ရှိအခြေအနေမှာ အသားမကျတိုင်း၊မပျော်ဝင်တိုင်း မန္တလေးအိမ်မှာကျန်ခဲ့သည့် အငြိမ်းစားကျောင်းအုပ်ဆရာကြီးတဖြစ်လဲ မေမီ့ဖေဖေကိုသာ မေတ္တာပို့မိလေ၏။