မှောင်မည်းနေသည့်အိပ်ခန်းကျဉ်းလေး။အသက်ရှူသံသဲ့သဲ့လေးပုံမှန်ထွက်နေသည်အထိနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည့်အခန်းပိုင်ရှင်။
အရှေ့မိုးကုတ်စက်ဝိုင်းဆီမှသူရိန်နေမင်းကြီးကမ္ဘာတစ်ဖက်ခြမ်းကိုစတင်အလင်းပေးရန်ချီတက်လာချေပြီ။မိုးကုတ်စက်ဝိုင်းဆီမှပတ္တမြားရောင် ရောင်နီတွေဟိုတစ်စဒီတစ်စ တိမ်ဆိုင်များကြားမှ လှပစွာသွန်းဖြန်းစပြုနေသည်။မကြာခင် အလင်းရောင်လာ၍ မိုးသောက်တော့မည်။အခန်းရှင်ကားအိပ်ကောင်းနေဆဲ။
"အောက်အီးအီးအွတ်"
ဘေးအိမ်မှကြက်ဖကြီးထံမှလင်းကြက်တွန်သံထွက်လာသည်။အလင်းရောင်လာကာ မိုးလင်းတော့မည်ဖြစ်၍လူသားများကိုထရန်နှိုးပြီးသည့်နောက်သူ၏တာဝန်ကျေသွားသည့်အလား တောင်ပံတဖျတ်ဖျတ်ခတ်ကာအညောင်းဆန့်နေလေရဲ့။ထိုစဉ်----
"ရှိန်းမြညို--ဟိုကောင်မလေး ထတော့လေ နေထွက်နေပြီ"
ခပ်အုပ်အုပ်ထွက်လာသောအသံ။ကြားရဖန်များသဖြင့် နားရည်ဝနေသော အသံကြောင့် မျက်လုံးတို့ ဖျတ်ခနဲပွင့်လာရသည့်ရှိန်းမြညို...
"အားးးးးး"
အညောင်းပြေ အကြောတစ်ချက်ဆန့်ကာထထိုင်လိုက်သည်။
"နိုးပါပြီဖွားရဲ့ ကျနော်ထပါပြီ"
" အေး အေး"
ဖွားဆီမှအသံကြားပြီးနောက် ကုတင်ပေါ်မှဆင်းလိုက်သည်။ခြင်ထောင်ကိုအမိုးပေါ်သို့ ခေါက်ကာ ကုတင်ခြေရင်းတွင်ထားလိုက်သည်။တွန့်နေသောအိပ်ရာခင်းကိုဆွဲဆန့်ကာပြင်လိုက်သည်။ခေါင်းအုံးကိုလဲအိပ်ရာ၏အလယ်တွင်သေချာချထားလိုက်သည်။
အဖွားအိမ်မှထွက်လာပြီးအမေ့အိမ်ဘက်သို့ကူးလာခဲ့သည်။ကျနော်ကဖွားနှင့်နေပြီးအမေကမောင်လေးနှစ်ယောက်နဲ့နေသည်လေ။ခုချိန်အမေလဲအိပ်ရာထလောက်ပြီ။ထင်သည့်အတိုင်းအမေ့ကိုမီးဖိုချောင်တွင်မနက်စာတွက်ချက်ပြုတ်နေသည်ကိုတွေ့လိုက်ရသည်။
" အမေ့ ဘာချက်နေတာလဲ"
"မနက်စာစားဖို့လေ ပဲပြုတ်ဝယ်ထားတာ ထမင်းပူလေးနဲ့စားရအောင်လို့ ထမင်းချက်နေတာ"
ကြည့်လိုက်တော့မီးဖိုပေါ်ကထမင်းအိုးသည် ဆူပွက်စပြုနေသည်။အမေကထမင်းအိုးကို ယောင်းမဖြင့်မွှေရင်း
" ဒီနေ့ရုံးမှာအစည်းဝေးရှိတယ်ဆို ဟုတ်လား"
"ဟုတ်တယ် အမေ အစည်းဝေးဆိုတာထက်သင်တန်းသွားမဲ့သူတွေကိုဆုံးမစကားပြောမှာပါ ပြီးရင်တော့ ဆေးရုံကြီးမှာ ဆေးထောက်ခံစာသွားယူရမှာ"
"ရုံးကိုဘယ်သူနဲ့သွားမှာလဲ သမီးမောင်အလတ်ကကျောင်းသွားရဉီးမှာ ဆိုင်ကယ်နဲ့လိုက်ပို့နိုင်မှာမဟုတ်ဘူးတဲ့"
" ဘာများထူးဆန်းနေလို့လဲအမေရဲ့ ကျနော်အရင်လဲလမ်းလျှောက်သွားနေကျပဲကို ခုလဲလမ်းလျှောက်သွားမှာပေါ့"
"ဘယ်ချိန်လောက်သွားမှာလဲ "
ပြောရင်းထမင်းအိုးကိုတစ်ချက်မွှေကာထမင်းရည်ကိုခွက်အသန့်ထဲသို့ငှဲ့လိုက်သည်။
" ၉နာရီလောက်သွားမယ် ၁၀ နာရီစမှာဆိုတော့ လမ်းလျှောက်တာနဲ့ကြာမှာမို့လေ"
"အမေဈေးသွားရင်းလိုက်ပို့ရမလား ရုံးအထိလေ သားမိနှစ်ယောက်စကားပြောရင်းလမ်းလျှောက်ကြတာပေါ့"
"အမေအဆင်ပြေရင်ရပါတယ် ကျနော်ကသွားရဲပါတယ်"
"ကဲပါ မျက်နှာသွားသစ်တော့ ပြီးရင်အဖွားဖို့ရေနွေးကိုဓာတ်ဘူးထဲထည့်ပြီးရေနွေးအိုးပြင်ပေးလိုက်ဉီး အမေလက်ဖက်လဲသုပ်ပြီးပြီ"
"ဟုတ်ကဲ့ အမေ"
မီးဖိုခန်းကထွက်လာပြီး အိမ်ရှေ့ကျောက်စည်မှာမျက်နှာသစ်လိုက်သည်။ပြီးအမေ့အခန်းထဲဝင်ကာ မျက်နှာသုတ်ကာ မှန်ကြည့်ပြီးခေါင်းဖြီးလိုက်သည်။ပခုံးအောက်နားလောက်သာရှိသောဆံပင်လှိုင်းတွန့်များကိုသေချာဖြီးကာစည်းနှောင်လိုက်သည်။ခုမှ၇နာရီသာရှိသေး၍ ရုံးသွားခါနီးမှသာ သနပ်ခါးလိမ်းရန်တွေးလိုက်သည်။
ဖွားအတွက်ရေနွေးပွဲပြင်ပေးပြီး သားမိလေးယောက်မနက်စာ စားလိုက်ကြသည်။မောင်ငယ်နှစ်ယောက်ကျောင်းသွားရန်ပြင်ကြသလို ရှိန်းလဲရုံးသွားရန်ပြင်ရသည်။အမေဈေးသွားနောက်ကျမှာစိုးရသည်လေ။
ယူနီဖောင်းကိုသပ်ရပ်စွာဝတ်လိုက်သည်။ပုံမှန်ချိန်များတွင်တီရှပ်နှင့်ဘောင်းဘီကိုသာဝတ်သောရှိန်းအဖို့ယူနီဖောင်းဝတ်ရသည်မှာ အသက်ရှူကြပ်လှသည်။ရှိန်းတွင်မိန်းကလေးဆန်သော အဝတ်စားများကိုပြပါဆိုလျှင်ထိုယူနီဖောင်းများကိုသာလက်ညှိုးထိုးရပေမည်။ ယူနီဖောင်းဝတ်ပြီးအပေါ်မှအမြဲထပ်ဝတ်နေကျ ရှပ်လက်ရှည်အပြုနုအကွက်လေးကိုဝတ်လိုက်သည်။မျက်နှာတွင်လဲ သနပ်ခါးကိုပါသည်ဆိုရုံလေးပဲလိမ်းလိုက်သည်။ယောက်ျားဆန်ဆန်နေတတ်သောရှိန်းအဖို့ ထိုအရာများသည် ရှိန်းနှင့်မအပ်စပ်ဟုထင်သည်လေ။ခုလဲအဖွားကိုကြောက်လို့သာလိမ်းခဲ့ရတာ။ ဆရာမအလုပ်ကိုလဲအဖွား၏အမိန်းကြောင့်သာ ဝင်လုပ်ခဲ့ရသည်။ဝါသနာလုံးဝမပါ။စိတ်မရှည်တတ်သေးရှိန်းအဖို့တော်တော်ခေါင်းခဲစရာပင်။ဝါသနာမပါသော်လည်းစေတနာထား၍တော့သင်သည်။ဘာပဲလုပ်လုပ်အကောင်းဆုံးဖြစ်အောင်လုပ်ချင်သည်လေ။
" ရှိန်းရေ မပြီးသေးဘူးလား"
မည်မျှအတွေးလွန်သွားသည်မသိ။အိမ်ရှေ့မှအမေ့ခေါ်သံထွက်လာသည်။
" လာပြီ အမေရေ ပြီးပါပြီ"
ဘာမှထွေထွေထူးထူးယူမနေ။ဘောပင်တစ်ချောင်းနှင့်ခေါက်ပိုက်ဆံအိတ်လေးသာယူခဲ့သည်။အမေ့ဈေးခြင်းတောင်းကိုဆွဲကာထွက်လာလိုက်သည်။
မနက်၉နာရီဆိုသည့်အချိန်သည်နေမမြင့်သေးသော်လည်း အညာဒေသထုံးစံအတိုင်းတော်တော်ပူနေပြီ။လမ်းလျှောက်ရတာရယ် ဝတ်လာသောအပေါ်ထပ်ကြောင့်ရှိန်းကိုယ်တွင် ချွေးများရွှဲစပြုနေပြီ။ချွေးပျံနေသောရှိန်းကိုကြည့်ကာ အမေက
" အဲ့လက်ရှည်ကြီးဝတ်လာတာကို ပူကပူနဲ့"
"ယူနီဖောင်းနဲ့ဒီတိုင်းကြီးရှိန်းမနေတတ်လို့ပါ အမေရဲ့"
အမေ့ထံမှ မျက်စောင်းတစ်ချက် ဝဲပျံလာသည်။
" အပူခံနိုင်ရင် ပြီးတာပါပဲ"
" ဟီး ဟုတ်ကဲ့အမေ"
ပြောသာပြောရသည်။တော်တော်တော့ပူသား။စကားတပြောပြောနှင့်လျှောက်လာလိုက်သည်မှာလမ်းတစ်ဝက်ပင်ရောက်လာသည်။ထိုစဉ်.......
"တီ တီ တီ"
ရုတ်တရက် စူးစူးရြှရှမည်လာသော ဆိုင်ကယ်ဟွန်းသံကြောင့် အလန့်တကြားလမ်းဘေးသို့ဆင်းလိုက်ရသည်။ကိုယ်ကလမ်းလယ်ပေါ်ရောက်နေသည်မဟုတ်လား။ကိုယ့်ကိုကျော်သွားသောဆိုင်ကယ်ကိုဘာရယ်မဟုတ်ငေးကြည့်မိလိုက်စဉ်.....
စိမ်းပြာရောင် Dreamဘီးလေးပေါ်က ဆရာမလေး။ဆံထုံးကိုခပ်မြင့်မြင့်ထုံးပြီးဆံအုပ်အမည်းလေးအုပ်ထားသည်။ဆံထုံးဘေးတစ်ဖက်တစ်ချက်တွင် fancyရောင်စုံကလစ်လေးများကိုညှပ်ထားသည်။ဖြူလွလွရင်ဖုံးလေးနှင့်ကျောက်စိမ်းရင့်ရောင်ထဘီစိမ်းလေးကိုသပ်ရပ်စွာဝတ်ဆင်ထားသည့်ဆရာမလေး၏နောက်ကျောကိုသာမြင်လိုက်ရသည်။သူမ၏မျက်နှာကိုလုံးဝမတွေ့လိုက်ရ။
ထိုနောက်ကျောပြေပြလေးကိုမြင်လိုက်ရသည့်အခိုက်အတန့်တွင် ရှိန်းရင်ဝယ်ငြိမ်းချမ်းမှု နွေးထွေးမှုကိုခံစားလိုက်ရသည်။ထိုခံစားမှုနှင့်တစ်ဆက်တည်းရှိန်မျက်နှာပေါ်တွင်အပြုံးတစ်ပွင့်သူ့အလိုလို ပွင့်လန်းလာရသည်။
ဘုရားရေ ရှိန်းပြုံးလိုက်မိတာလား
သူစိမ်းတွေနှင့်ဆိုလုံးဝအရယ်အပြုံးမရှိတဲ့ရှိန်းကပြုံးလိုက်သည်တဲ့လား။အမြဲမျက်နှာတည်တင်းတင်းနှင့်သာနေတတ်သောရှိန်းကပြုံးလိုက်သည်တဲ့လား။
ထိုသို့အေးစက်စက်နေတတ်ခဲ့သည်မှာရှိန်းအဖို့မထူးဆန်းတော့။အရမ်းချစ်ခဲ့မြတ်နိုးခဲ့ ယုံကြည်ခဲ့ရသောအမျိုးသမီးထံမှသစ္စာဖောက်ခြင်းကိုရင်ကွဲမတတ်ခံစားခဲ့ရပြီးသည့်အချိန်မှစကာရှိန်း၏ပုံစံသည်ထိုသို့ပြောင်းလဲသွားခြင်းပင်။သော်တာလင်းဆိုသည့်သူငယ်ချင်းတစ်ယောက်သာအရင်းနှီးဆုံးသူငယ်ချင်းရှိသည်။
အချစ်သစ်လဲထပ်မရှာတော့ပဲငြိမ်းငြိမ်းချမ်းချမ်းသာဘဝကိုဖြတ်သန်းနေခဲ့သည့်ရှိန်း။ ဘယ်သူမှန်း ဘယ်ကမှန်းမသိ သည့်ထိုဆရာမလေး၏နောက်ကျောကိုသာမြင်ရသည့်ရှိန်း၏နှလုံးသား စတင်ခုန်စပြုနေသည်ကိုရှိန်းသာသိသည်။ နွေးထွေးလာသည့်ရှိန်း၏နှလုံးသားကို အနိုင်နိုင်ထိန်းရင်း ရုံးသို့သာ ဆက်လျှောက်လာခဲ့ရသည်။မိမိအပေါ်တွင်ကြင်နာနိုင်မဲ့ ဖေးမနိုင်မဲ့ မိမိဘဝဖြစ်တည်မှုကိုလက်ခံပေးနိုင်မဲ့သူဆိုတော်ပါသေးရဲ့။မဟုတ်ခဲ့ပါလျှင်.........
ရှိန်း ချစ်မှာကြောက်နေပါပြီလေ။
YOU ARE READING
မောင့်ရဲ့ရင်တွင်း ပြိုသက်ဆင်းစေ
Romanceမိန်းကလေးနှစ်ဦး၏ဆွတ်ပျံ့လွမ်းမောဖွယ်ကောင်းသည့်ချစ်ခြင်းမေတ္တာအကြောင်းကိုရေးဖွဲ့သွားမှာဖြစ်ပါတယ်။ #ရှိန်းမြညို #နွယ်လေးငယ်