GeorgeEna-Ryan
မေလ က မိုးတအားရွာတော့ မိုးတိတ်သွားရင် လွတ်မြောက်သွားမယ့် ဇာတ်ကောင်နှစ်ခုကို ဖန်တီးခဲ့ဖူးတယ် ။ တကယ့် တကယ်မိုးတွေရွာရင် ငါကအသက်ရှူရကြပ်နေခဲ့တာ ငါမလွတ်မယ့်အတူတူ အဲ့ဒီဇာတ်ကောင်တွေကိုတော့ လွတ်မြောက်စေချင်ခဲ့တာ ..နောက်တော့ သူတို့တွေ လွတ်မြောက်သွားကြတယ် ။ မိုးရေတွေထဲလည်း ပျော်နိုင်သွားကြတယ် ။ ငါကတော့ မိုးတွေရွာတိုင်း ရုန်းကန်ဆဲ ရုန်းကန်မြဲနဲ့ ကျန်ရစ်ခဲ့တယ် ။ ငါ 2022မေလကတည်းက ခံစားနေခဲ့ရတဲ့ စိတ်ဒဏ်ရာအကြီးကြီး တစ်ခုရှိတယ် ။ လူတစ်ယောက် သေသွားတဲ့အပေါ် ငါ့ရဲ့ခံယူချက်အမှားကြောင့် တစ်သက်လုံး အပြစ်ရှိသူတစ်ယောက်အဖြစ် နေထိုင်သွားရမယ်လို့ထင်ခဲ့တာ ။ အဲ့ဒီကာလတုန်းက စာတွေမရေးနိုင်ခဲ့ဘူး ။ အချိန်တိုင်း စက္ကန့်မလပ် သေဖို့တွေးနေခဲ့ပြီး ၊ ဘယ်လိုလုပ်ရင် တကယ်သေမလဲပဲ လက်တွေ့စမ်းချင်နေခဲ့တာ ။ နောက်တော့ စာတွေပြန်ရေးတယ် ။ နောက်ထပ် စာတွေမရေးနိုင်တဲ့အထိပဲ ။ ငါ့စိတ်နောက် တကောက်ကောက်လိုက်နေခဲ့တဲ့ အရိပ်ဆိုးကြီးက တကယ်မရှိမှန်း အားလုံးက ငါ့စွဲလမ်းမှုကြောင့် ဖြစ်တယ်ဆိုတာ အောက်တိုဘာလမှာ အတည်ပြုနိုင်ခဲ့ပါတယ် ။ ငါလည်း မိုးတွေရွာရင် ပျော်နိုင်ခဲ့ပါပြီ ။ အဲ့ဒီနောက် ငါလည်း လွတ်မြောက်သွားသလိုပဲ ။ စာတွေမရေးနိုင်တော့ဘူး ။ ငါ့ဇာတ်ကောင်တွေကို ငါလွှတ်ပေးလိုက်သလိုမျိုး ငါ့ခန္ဓာကိုယ်ထဲက ငါ့စိတ်ထဲက နောက်ထပ် ငါတစ်ယောက်က ငါ့ကို လွှတ်ပေးလိုက်သလိုပါပဲ ။