zarzehra
" ကော်ဖီတွေသောက်တုန်းပဲလား "
ကော်ဖီမှာနေတုန်း ရုတ်တရက်ကြားလိုက်ရသော ရင်းနှီးတဲ့အသံကြောင့် လှည့်ကြည့်လိုက်မိသောအခါ သူမခန္ဓာကိုယ်သည် ကျောက်ရုပ်တစ်ရုပ်လို တောင့်ခဲသွားသလိုခံစားလိုက်ရ၏။ ရင်းနှီးတဲ့အငွေ့အသက်ေတွနှင့်ရင်းနှီးတဲ့ပုံရိပ်တစ်ခုသည် သူမ၏ တစ်ချိန်ကသူဖြစ်ကြောင်း သက်သေခံပေးနေသလို။
ခဏလောက်ကြောင်အမ်းစွာ စိုက်ကြည့်နေပြီးမှ သတိဝင်လာကာ ပြန်အဖြေပေးလိုက်သည်။
" ကော်ဖီတွေက သစ္စာရှိတယ်လေ ကျွန်မကို ဘယ်တုန်းကမှ စိတ်မပျက်စေခဲ့ဘူး ဒါ့ကြောင့် ခုချိန်ထိ စွဲစွဲမြဲမြဲသောက်တုန်းပဲ "
ကျွန်မ၏ ခနဲ့သလိုအဖြေကြောင့် ထိုသူက ဟက်ခနဲတစ်ချက်ရယ်ချလိုက်၏။
" အများကြီးသောက်ရင်တော့ ကျန်းမာရေးကို ထိခိုက်စေတယ်လေ "
ထိုသူကပြန်ပြောတော့ ကျွန်မသူ့ကို ခပ်စူးစူးပြန်ကြည့်လိုက်သည်။
" ကော်ဖီတွေကြောင့်မဟုတ်ဘဲ လူတွေရဲ့ အတ္တတွေကြောင့်ပါ "
ကျွန်မ၏အဖြေကို သူကသဘောကျသွားဟန် ခပ်ဖွဖွပြုံးလေသည်။
" မင်းက မပြောင်းလဲသေးဘူးပဲ "
" ကောင်းသောပြောင်းလဲခြင်းတွေဆိုရင်တော့ ကျွန်မလက်ခံမိမှာပါ။ "
ပြန်လည်တွေ့ဆုံမှုမှာ "နေကောင်းရဲ့လား" ဟု တစ်ခွန်းမေးဖော်မရသော သူ့ကို ကျွန်မမုန်းပါသည်။
သူ့မျက်လုံးထဲတွင် ကျွန်မကို ခပ်ပေါ့ပေါ့သဘောထားဟန်အရိပ်အယောင်များကို ကျွန်မမုန်းပါသည်။
ကျွန်မစိတ်အစဉ်ကို အမြဲတစေခြယ်လှယ်ပစ်ခဲ့သည့်
သူ့ကို ကျွန်မမုန်းပါသည်။
" ကိုယ်သွားတော့မယ် "
စကားတစ်ခွန်းသာထပ်မံပြောဆို၍ ကျွန်မမြင်ကွင်းထဲက သူထွက်သွားပါသည်။ အမြဲတမ်းကျွန်မသည် သူ့အတွက်အရေးမပါခဲ့ပါ။ ဟိုးတုန်းကရော အခုရော.....။
ကျွန်မမြင်ကွင်းရှေ့က တရွေ့ရွေ့ထွက်ခွာသွားတဲ့ ထိုသူ၏ နောက်ကျောပြင်ကျယ်ကြီးကို ရိုက်နှက်ပြီး မေးလိုက်ချင်ပါသည်။ "ဘာ့ကြောင့်များ ဒီလောက်ရက်စက်ရတာလဲ" လို့။ သို့သော် လက်တွေ့တွင် ကျွန်မရပ်ကြည့်နေရုံသာ တတ်နိုင်ပါသည်။ ကျွန်မမြင်ကွင်းထဲက သူပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးမှ ကျွန်မသည် ဆိုင်ရှင်ကောင်မလေးပေးသော ကော်ဖီကို ယူကာ ကျသင့်ငွေရှင်းပြီး ဆိုင်ထဲမှ ထွက်လာခဲ့သည်။
သူ့ကြောင့်ပဲ ကော်ဖီတွေကို ကျွန်မချစ်ခဲ့သည်။
သူ့ကြောင့်ပဲ ကျွန်မမှာကမ္ဘာမှာ ပန်းတွေပွင့်ခဲ့သည်။
သူ့ကြောင့်ပဲ ကျွန်မအပြုံးတွေ ဝေခဲ့သည်။
သူ့ကြောင့်ပဲ ကျွန်မနှလုံးသားတွေ ပြိုခဲ့သည်သာ......။