#Unicode
"ဝှစ်....."
လေဖြူးလေးများက သူ့မျက်နှာပေါ်ကို ရိုက်ခတ်သည်။ သူ သည် ဝရံတာတွင် မှီနေရင်းဖြင့် နှုတ်ခမ်းဖျားဖြင့် ကိုက်ထားသော စီးကရက်အား ထုတ်လိုက်ကာ အပြင်ကို ကြည့်နေမိသည်။ သူ့ရဲ့အတွေးတွေကတော့ လွင့်မျောနေသည်။မနက်ဖြန်က ခရစ္စမတ်နေ့..။ လူတိုင်းက ပျော်ရွှင်နေကြတယ်။ မိသားစုတွေကတော့ ခရစ္စမတ်သစ်ပင်တွေပေါ်မှာ အလှဆင်နေကြပြီ။ ကလေးငယ်တို့ရဲ့ ခရစ္စမတ်ဘိုးဘိုးကြီးဆီက လက်ဆောင်တောင်းနေသံကိုလည်း ကြားနေရတယ်။ ပြီးတော့ ခရစ္စမတ်သီချင်းသံတွေ.......။
သူ့ဘေးပတ်လည်အိမ်တွေကတော့ မြူးကြွတဲ့သီချင်းသံတွေဖြင့် ပြည့်နှက်နေတယ်။ အိမ်တွေအားလုံးကလည်း လင်းထိန်နေတယ်။
သူ့အိမ်ကလွဲလို့ပေါ့။
သူ့အိမ်က မှောင်မည်းနေတယ်။ မသိရင် နေနေတဲ့လူမရှိတဲ့အလား။ သူ ခါးခါးသီးသီးပြုံးလိုက်သည်။ ခရစ္စမတ်ရောက်ရင် လူတွေက ဘာလို့ပျော်နေကြတာလဲဆိုတာ သူနားမလည်နိုင်ဘူး။ ဘာလို့များလဲ? လက်ဆောင်တွေရလို့လား? ဟက်... လေအေးလေးတွေကတော့ သူ့မျက်နှာကို တိုက်ခတ်နေဆဲ။ ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်တော့ ဆေးလိပ်ငွေ့ဟာ ထိုလေထဲတွင် ပျံ့နှံ့သွားလျက်....။
သူအောက်ကို ကြည့်လိုက်သည်။ လမ်းဘေးဆိုင်းပုဒ်ကြီးမှာလည်း 'Merry Christmas'ဆိုပြီး စာလုံးအကြီးကြီးနဲ့ လှလှပပရေးထားသည်။
သူနာရီကို ကြည့်လိုက်တော့ ညဆယ်နာရီခွဲ။ လူတွေကတော့ မအိပ်ကြသေးဘူး။ ကြည့်ရတာ ၁၂နာရီထိုးတဲ့အထိ စောင့်မယ့်ပုံ။ သူကတော့ မစောင့်နိုင်။ သူဟာ ခရစ္စမတ်နေ့မှာ သူနှင့်မဆိုင်ဟု သတ်မှတ်ထားသည်။ သူ ခရစ္စမတ်နေ့ကိုလည်း မဆင်နွှဲတာ ကြာနေပြီ။ ပြောရရင် အတူတူကျင်းပဖို့လည်း သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းမရှိ။ ယုတ်စွအဆုံး..သူ့တွင် မိသားစုတောင် မရှိ။ သူဟာ တကောင်ကြွက်သာသာ။ ဆေးလိပ်မီးတိုကို ဆေးလိပ်ခွက်ထဲ နှစ်ကာ မီးသတ်လိုက်သည်။
သူ့ရဲ့ညအိပ်ဝတ်စုံကို သေသေသပ်သပ်ပြုပြင်ကာ အခန်းထဲဝင်လိုက်ပြီး ပြတင်းပေါက်တံခါးကို ပိတ်လိုက်သည်။ ကျေးဇူးတင်ရမှာက သူတို့တိုက်ခန်းများသည် အသံလုံသည်။ တစ်ဖက်အခန်းက ဘယ်လောက်ပဲဆူညံဆူညံ၊ တစ်ဖက်ကလူသည် လုံးဝမကြားနိုင်။ ဒါကြောင့် သူ့အခန်းသည် တိတ်ဆိတ်နေသည်။

ESTÁS LEYENDO
Giggle (Horror Short Stories)
TerrorThere is no one who doesn't afraid to dead.... #Owncreation Start Date: 24.12.2020.