သူမျက်စိစုံမှိတ်ကာ ကုန်းအော်လိုက်မိတော့ သူ့ခြေထောက်က အေးစက်စက်ခံစားချက်က မရှိတော့။ ဒါကြောင့် သူမျက်လုံးဖွင့်ကြည့်သည်။ သူ့ရှေ့တွင်တော့ သူ့အိပ်ယာသာ ရှိနေသည်။ သူ့ခေါင်းထဲတွင် မေးခွန်းများ တန်းစီပေါ်ထွက်လာသည်။ ဘာလဲ? ကယောင်ခြောက်ခြားဖြစ်နေတာများလား? သူရင်တုန်နေဆဲ။ ကြောက်လန့်မှုက အရှိန်မပြေသေးတာကြောင့် သူရေနွေးလေးစိမ်ချိုးဖို့ စိတ်ကူးလိုက်သည်။ နာရီကြည့်လိုက်တော့ ၁နာရီထိုးတော့မည်။
သူ့မျက်နှာသူ လက်ဝါးဖြင့် တစ်ချက်ပွတ်လိုက်ကာ ခပ်တိုးတိုးရယ်မိလိုက်သည်။
သောက်ရေးမပါတာတွေ!
သူထိုသို့ရေရွတ်လိုက်သော်လည်း သူကြောက်လန့်နေကြောင်းကို သက်သေပြနေသည့် သူ့နောက်ကျောက ချွေးကွက်အကြီးကြီးက ထင်ဟပ်နေဆဲ။သူ တစ်ခုခုကို သတိရလိုက်ကာ စားပွဲပေါ်ကို လှည့်ကြည့်လိုက်တော့ ပါဆယ်ပုံးက ရှိနေဆဲ။ ဖွင့်လဲဖွင့်ကြည့်ချင်ပေမယ့် ရေချိုးပြီးမှသာ ကြည့်ဖို့ တွေးတောလိုက်သည်။
သူဖြည်းဖြည်းချင်း ထရပ်ကာ အခန်းတစ်ဝိုက်ကို သေချာလှည့်ကြည့်သည်။ အခုနက သူတွေ့လိုက်တာက ဘာကောင်လဲဆိုတာတော့ သူအဖြေရှာလို့မရ။ သူနှလုံးရင်ခုန်သံကတော့ မြန်နေဆဲ။ သူ့နှဖူးကို စမ်းကြည့်လိုက်တော့ စေးကပ်ကပ်ဖြစ်နေသည်။ ဒါကြောင့် ရေချိုးခန်းထဲသို့ ဝင်သွားကာ ရေချိုးခန်းမီးကို ဖွင့်လိုက်သည်။
ကိုယ့်ကိုယ်ကို မှန်ထဲကို ကြည့်လိုက်တော့ နှဖူးက သွေးများက စီးကျနေဆဲပင်။ ဒါကြောင့် မျက်နှာသစ်ကာ နှဖူးကို ပြန်ကြည့်လိုက်တော့ ဒဏ်ရာတစ်ခုက ကျန်ရစ်သည်။
သူသက်ပြင်းချကာ ရေချိုးဖို့ အဝတ်အစားချွတ်လိုက်သည်။ကံကောင်းတာကတော့ ရေနွေးက အသင့်ရှိနေတာပင်။ ဒါကြောင့် ရေချိုးဇလုံထဲကို ဝင်စိမ်နေလိုက်သည်။ ရေနွေးနွေးလေးဟာ သူ့စိတ်ကို အေးချမ်းစေတာအမှန်ပင်။
ရေချိုးပြီးတော့ သူ အိပ်ခန်းထဲ ပြန်ဝင်လာခဲ့သည်။ စားပွဲပေါ်က ပါဆယ်ပုံးကိုလဲ စိုက်ကြည့်မိသည်။ ထို့နောက် ပါဆယ်ပုံးကို ချိတ်ပိတ်ထားသည့် တိပ်ကို ခွာချလိုက်သည်။ ပုံးကတော့ တဖြည်းဖြည်းပွင့်လာသည်။ အထဲမှာ ရှိနေသည့်အရာကလည်း ရုပ်လုံးပေါ်လာသည်။ သူ အထဲကို လက်နှိုက်ကာ အထဲကအရာကို ထုတ်ယူသည်။ ထွက်လာတာကတော့ ခရစ္စမတ်သစ်ပင်အသေးစားလေး။ သီချင်းဖွင့်တဲ့ခလုတ်လေးတောင် ပါသေးသည်။ သူ ခရစ္စမတ်အသေးစားလေးကို ကြည့်နေရင်းဖြင့် အတွေးထဲနစ်မျောရပြန်သည်။
JE LEEST
Giggle (Horror Short Stories)
HorrorThere is no one who doesn't afraid to dead.... #Owncreation Start Date: 24.12.2020.