အခန်း(၂) : သေခြင်းသည် အစမျှသာ ရှိသေးသည်

14 1 1
                                    

အခန်း(၂)
သေခြင်းသည်အစမျှသာရှိသေးသည်


“ဟာ့…”

ထပ်ချည်းတလဲလဲမက်နေသော အိပ်မက်ဆိုး။

လွတ်မြောက်ခြင်းငှာ မတတ်သာသော အိပ်မက်ဆိုး။

ချွေးတို့ရွှဲလျက် လန့်နိုးလာသည်။

နာရီလက်တံက တစ် ဂဏန်းသို့ တိတိပပ ညွှန်ပြလျက်။ တစ်လွန်ခဲ့သော တစ်နှစ်ခန့်က ကြုံတွေ့ခဲ့ရသည်များက Lukeအတွက် အိပ်မက်ဆိုးများ ဖြစ်နေသည်။ သုံးလောင်းပြိုင် သေဆုံးခဲ့မှုအတွက် ရဲဌာနက စစ်မေးခြင်းကို ရင်ဆိုင်ခဲ့ရသည်။ အသင်းတော်၏ စစ်မေးမှုများကိုပါ ရင်ဆိုင်ခဲ့ရသည်။

လူသေမှု သံသယရှိသူအဖြစ် သတ်မှတ်ခံရသော်လည်း သက်သေမရှိ၍ သူ ကွင်းလုံးကျွတ် လွတ်ခဲ့ရသည်။ လူနာက စိတ်ဖောက်ပြန်ကာ သတ်ဖြတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ကောက်ချက်ချသည်။

 တကယ့်အဖြစ်မှန်ကိုမူ သူတစ်ဦးတည်းကသာ သိတော့သည်။ အသင်းတော်ကလည်း အဆင့်မြင့် နတ်ဆိုးမှန်လျှင် Lukeက ဘာကြောင့် လွတ်မြောက်ခဲ့ရသနည်းဟု ပြန်မေးခွန်းထုတ်နေသည်။ “မသိ” ဟုသာ ပြောဖြစ်ခဲ့သည်။

သည်အဖြစ်ဆိုးကို သူမေ့ပစ်ချင်သည်။ သို့နှင့် လအလီလီ ပြောင်းခဲ့သည်။ တစ်နှစ်ဟူသော အချိန်ကာလက စိတ်ထိခိုက်စရာများကို ကျော်ဖြတ်မေ့ပျောက်ရန် လုံလောက်ပါသည်။

သို့သော်လည်း သူရင်ဆိုင်ခဲ့ရသည်က သာမန်အဖြစ်ဆိုးမှ မဟုတ်သည်ပဲ။

ရေတစ်ခွက်ထသောက်လိုက်ရသည်။

ဖွင့်ထားသော ပြတင်းမှ တိုးဝင်လာသော လေညင်းကြောင့် ခန်းစီးခပ်ပါးပါးသည် တလပ်လပ်လွင့်လျက်ရှိသည်။ စိတ်ကို ခြောက်ခြားစေသော နောက်ထပ်ညတစ်ညပင်။

နာရီသံတချောက်ချောက်ကို နားစွံ့ရင်း ပြန်အိပ်ဖို့ကြိုးစားမိသည်။

သိပ်မကြာပါ။ အိပ်မက်ဆိုးတို့နှင့် လူးလွန့်လျက် သူပြန်အိပ်ပျော်သွားခဲ့ပါသည်။

Luke က ၂၂နှစ်အရွယ် ကောင်လေးတစ်ယောက်။ နာမည်အပြည့်အစုံက Adrian Luke Watson ဖြစ်ပေမယ့် Luke လို့ပဲ ခေါ်ကြသည်။

The Fallen Angel (Own Creation)Where stories live. Discover now