ရှန့်ဟိုင်မြို့၏ ဆောင်းညများတွင် နှင်းကျခဲသော်ငြား မိုးရွာတတ်သည်မို့ ရှောင်းကျန့် ဖုန်းထုတ်ကာ မိုးလေဝသခန့်မှန်းချက်ကို ကြည့်မိသည်။ ခန့်မှန်းချက်အရ ညဉ့်နက်သည်အထိ မိုးရွာနိုင်သော ရာခိုင်နှုန်းမရှိသော်ငြား ကောင်းကင်များက နီရဲနေခဲ့၏။ တိမ်ထူနေပါက မြို့ပြ၏ မီးရောင်ကြောင့် ကောင်းကင်က နီရဲနေတတ်သည်ဟု ရှောင်းကျန့် ကြားဖူးသည်။ သို့သော် သူ့တွင် ထီးမပါလာတာမို့ ရတက်မအေးနိုင်ပါ။
"ရောက်ပါပြီခင်ဗျ။ ယွမ် ၂၀ ကျပါတယ်"
ကိုယ့်အတွေးနှင့်ကိုယ် ဖုန်းကြည့်ရင်း ပါလာသော ရှောင်းကျန့်သည် ကားဆရာကောင်လေး၏ အသံကြားမှပင် ကားရပ်သွားပြီဖြစ်ကြောင်း သတိထားမိလိုက်၏။ နောက်ခန်းမီးဖွင့်ကာ ပိုက်ဆံလှမ်းပေးပြီးနောက်တွင် ရှောင်းကျန့်သည် ပစ္စည်းများ မကျန်ခဲ့တာ သေချာအောင် လိုက်ကြည့်ရင်း အိတ်ကပ်ထဲမှ လိပ်စာကဒ်အား ထုတ်ကြည့်မိပြန်၏။
အနက်ရောင် လိပ်စာကဒ်ပေါ်တွင် အဖြူရောင်စာလုံးများဖြင့် "Panorama Bar and Grill" ဆိုသော နာမည်ကို အင်္ဂလိပ်လိုတစ်ကြောင်း၊ တရုတ်လိုတစ်ကြောင်း ရှင်းလင်းစွာ ရေးထားခဲ့သည်။ လွန်ခဲ့သော နှစ်ရက်လုံး ခဏခဏ ထုတ်ကြည့်နေမိသည်မို့ တခြားစာ ဘာမှမပါမှန်းသိသည့်တိုင်အောင် ရှောင်းကျန့်သည် ကဒ်ကို နောက်လှန်ကြည့်လိုက်မိသေးသည်။ လိပ်စာမပါ။ ဖုန်းနံပါတ်မပါ။
ရှောင်းကျန့် ပြတင်းမှန်၏ အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ ဝါးတစ်ရိုက်စာသာ ရှည်သော လမ်းကျဉ်းလေး၏ အဆုံးတွင် လမ်းမီးတိုင်တစ်တိုင်ရှိပြီး မီးတိုင်၏ အောက်တည့်တည့်တွင် သံတံခါးတစ်ချပ်ရှိနေသည်။ ညကိုးနာရီသာ ရှိသေးသော်ငြား လမ်းကျဉ်းလေးထဲတွင်ရော၊ လမ်းဘေးပလက်ဖောင်းပေါ်တွင်ရော လူမပြောနှင့်၊ ခွေးတစ်ကောင် ကြောင်တစ်မြီးပင် မမြင်ရ။ သူ့သူငယ်ချင်း လင်ကျွင်းပြောသလိုပင် ဒီနေရာက ရှန့်ဟိုင်မြို့လယ်နှင့်ပင် မတူပါ။
"အဟင်း"
ကားဆရာ၏ ချောင်းဟန့်သံကြားမှ ရှောင်းကျန့် နှုတ်ဆက်လိုက်ရင်း အပြင်သို့ ထွက်လိုက်သည်။ ဇန်နဝါရီလ၏ မြောက်လေအေးက တဖြူးဖြူးတိုက်နေသည်မို့ ကုတ်အင်္ကျီကို ဆွဲစေ့ကာ လမ်းကြားလေးထဲ ဝင်သွားလိုက်၏။
YOU ARE READING
House Specialty [Xiao Zhan x Wang Yibo]
Fanfiction7 drinks in exchange for one special drink.