Panorama ၏ အရင်ပိုင်ရှင်ထံမှ ဒီဆိုင်ကို ဆက်ခံရရှိတော့ ရိပေါ် အသက် ၁၈ နှစ် ပြည့်ရုံလေးသာ ရှိသေးသည်။ Panorama ၏ ဆက်ခံသူတိုင်းကို အရက်စပ်နည်း သင်ကြားပေးရသော အစ်ကိုလျုံဆိုလျှင် အရက်စပ်တတ်ဖို့ မဆိုထားနှင့်၊ ကိုယ်တိုင်ပင် ဘီယာသုံးလေးဘူးထက် ပိုမသောက်ဖူးသော ရိပေါ်ကို မြင်မြင်ချင်း "အထက်လူကြီးတွေက ဘယ်လိုလုပ်ချလိုက်ပါလိမ့်" ဟု ရေရွတ်ခဲ့သေး၏။ ထိုစကားကြားကြားချင်း ရိပေါ်လည်း "ကျွန်တော်လည်း အဲ့ဒါသိချင်တယ်" လို့သာ ပြန်ဖြေဖြစ်ခဲ့သည်။ သူ့ကို အထင်သေးရကောင်းလားဟု တမင်တကာ ရွဲ့ပြောခြင်းမဟုတ်ဘဲ ထိုမေးခွန်း၏အဖြေကို ရိပေါ် တကယ်သိချင်နေမိခဲ့တာပင်။ ဘယ်လောက်ပဲ နတ်သွေးနှောသည်ဆိုဆို တစ်ကောင်ကြွက် အိမ်ပြေးကလေးကို ဒီလောက်ထိ အရေးကြီးသောတာဝန်မျိုး အပ်နှင်းရမည်ဟု ဘယ်လိုတန်ခိုးရှင်မျိုးက ရွှေဉာဏ်တော် စူးရောက်လိုက်ပါလိမ့်။ အထက်လူကြီးတွေက ဒိဗ္ဗစက္ခုနှင့် သူ့အနာဂတ်ကို ထိုးထွင်းကြည့်ဖြစ်၍ပဲလား။ ဒါမှမဟုတ် သူစိမ်းဆန်သောမြို့ကြီးထဲ ဆွေမျိုးရင်းချာမရှိ၊ တစ်ယောက်တည်း တဝဲလည်လည်ဖြစ်နေတဲ့ ကလေးတွေထဲကမှ တစ်ယောက်ကို အဆင်ပြေသလို ကောက်ရွေးချယ်လိုက်လေသလား။
မေးခွန်းတွေကတော့ အများကြီးဖြစ်သည်။ သို့သော် ပင်လယ်ကြီးခုနစ်ခုစာ မေးခွန်းတွေရှိလျှင် ရိပေါ် ပြန်ရသည်က လက်ခုပ်တစ်ခုပ်စာ အဖြေတွေသာ။ များသောအားဖြင့် ထိုအဖြေများကလည်း "ဒီကမ္ဘာပေါ်မှာ အရေးအကြီးဆုံးပစ္စည်းကို စောင့်ရှောက်ဖို့ မင်းလို လက်ရွေးစင်ကို ရွေးလိုက်တာပဲ" ဆိုသည့် ဝတ္ထုဆန်ဆန် အဖြေမျိုးတွေပင်။ လက်ရွေးစင်ဟု အမည်တပ်ရလောက်အောင် သူဘာဆိုဘာမှမလုပ်ခဲ့တာလည်း အကုန်သိပြီးသားကိုများဟု မကျေမနပ် ရေရွတ်ခဲ့သေးသော်ငြား ဘယ်လိုဖြစ်ဖြစ် ကျူရှင်ဖိုးကြေသည်မို့ ရိပေါ် အထွန့်မတက်ဖြစ်တော့ပါ။
ရိပေါ် နောက်မှ တဖြည်းဖြည်းသိလာရသည်က တကယ့်သင်ခန်းစာတွေက တက္ကသိုလ်မှ ပို့ချချက်တွေ၊ အစ်ကိုလျုံဆီမှ အရက်စပ်နည်းတွေ မဟုတ်သလို တာဝန်ဆို ပေးရုံပေးတတ်ပြီး မယူတတ်သော အထက်လူကြီးတွေ၏ ဝေဝေဝါးဝါး ဆိုဆုံးမချက်တွေလည်း မဟုတ်ပေ။ သူတို့သိထားသည့် ကမ္ဘာကြီးတစ်ခုလုံး ပြိုပျက်သွားသောကြောင့် နောက်ဆုံးသော ကောက်ရိုးမျှင်အဖြစ် Panorama ၏ လိပ်စာကတ်ကို တင်းတင်းဆွဲကိုင်ရင်း တံခါးလာခေါက်သော ဧည့်သည်တွေ၏ ဘဝဇာတ်လမ်းများကသာ အဓိကဖြစ်သည်။ ဒီအလုပ်လုပ်နေသည့် ၅ နှစ်အတွင်း ရိပေါ်ရှေ့တွင် မျက်ရည်ကျသူများအား မရေမတွက်နိုင်အောင် တွေ့ခဲ့ပြီးဖြစ်သည်။ စီးပွားပျက်သွားသောကြောင့် အကြွေးတင်ကာ နေ့ချင်းညချင်း ပြာပုံထဲ ရောက်သွားသူများ၊ မိသားစုဝင်တွေ၏ သေဆုံးမှုကြောင့် လပေါင်းများစွာ အထီးကျန်ဆန်နေကြသူများ၊ မိမိအမှားအား ပြန်လည်ပြင်ဆင်ခွင့်မရှိသောကြောင့် နေ့ရောညရော အိပ်မက်ဆိုးမက်နေကြရသူများ စသဖြင့် စသဖြင့် ဝမ်းနည်းစရာကောင်းသော ဇာတ်လမ်းများက ရိပေါ်ကို ခပ်မြန်မြန်ပင် ရင့်ကျက်သွားစေခဲ့သည်။
YOU ARE READING
House Specialty [Xiao Zhan x Wang Yibo]
Fanfiction7 drinks in exchange for one special drink.