Part 1 (Unicode)
74 6 2
တချက်ချက် မြည်နေသော နံရံပေါ်ရှိ နာရီလက်တံသည် ၁၁ နာရီတိတိကို ညွှန်ပြလျှက်ရှိပေသည်။ တစ်ဝက်တိတိ လောင်ကျွမ်းသွားပြီဖြစ်သော ဖယောင်းတိုင်များသည် တည့်မတ်နေသော်လည်း ဖယောင်းတိုင်ထိပ်ရှိ မီးညွန့်မှာ ယိမ်းယိုင်၍ လှုပ်ရှားလို့နေသည်။
ကျွန်းသားတွင် အခက်အနွယ်များဖြင့် ဖော်ထားသော ပလ္လင်ထက်တွင် တပ္ပလင်ဖွဲ့ခွေကာ ကိန်းဝပ်စံပယ်တော်မူနေသော ရွှေသားစင်စစ် ကပ်လှူပူဇော်ထားသည့် ဗုဒ္ဓဘုရားရှင် ရုပ်ပွားတော်မြတ်၏ မျက်နှာတော်မှာမူ တည်ကြည်ငြိမ်သက်၍ နေသော်လည်း မီးညွန့်လှုပ်ရှားသည်နှင့်အမျှ ရွှေရောင်မှာ အရောင်ပြေးသလိုဖြစ်နေပေသည်။
ဘုရားခန်း ပြတင်းပေါက်မှ လေပြေအေးအေးမှာ ညင်းသွဲ့သွဲ့ ဝေ့ဝဲတိုက်ခတ်လာသည့်အခါတွင်မူ ဖယောင်းတိုင်မှ မီးညွန့်သည် မှိန်ကာကျ၍ သွားသည်။ ပြတင်းတံခါးကို စေ့ပိတ်သင့်သော်လည်း အာရုံပြုကာ ဘုရားဝတ်ပြုနေသည့် သင်းစံပယ်ချိုသည် ပုဆစ်တုပ်ထိုင်နေရာမှ လှုပ်ရှား၍မရပေ။ ခန္ဓာကိုယ်မှာ ငြိမ်သက်၍နေသော်လည်း သင်းစံပယ်ချို၏ စိတ်အစုံသည် လေတိုက်၍ ယိမ်းထိုးနေသော မီးညွန့်ထက် ပို၍ လှုပ်ရှားလို့နေသည်။ ဝိုင်းစိုရွှန်းစက်နေသည့် မျက်လုံးအစုံကမူ ပြုံးတော်မူနေသော ဗုဒ္ဓမြတ်ဘုရားရှင်၏ ကျက်သရေတော်ကို အာရုံပြုနေသော အချိန်မှာ နည်း၍ လေလာရာဘက်သို့ ယိမ်းနေသည့် ဖယောင်းတိုင်မီးညွန့်နောက်သို့ လိုက်ပါနေသည်က များနေသည်။
ရုပ် ၊ နာမ် နှစ်ပါးချုပ်ငြိမ်း၍ ကိလေသာ သံသရာဝဲဂယက်မှ လွတ်မြောက်လေကာ နိဗ္ဗာန်သို့မျက်မှောက်ပြုတော်မူလေပြီးသော ဗုဒ္ဓမြတ်ဘုရား၏ ဂုဏ်ကျေးဇူးတို့ကို ပူဇော်လိုသောအားဖြင့် သွန်းဆစ်ထားသည့် ရုပ်ပွားတော်သည်ပင်လျှင် အေးချမ်းငြိမ်သက်သော ရူပကာယတော်ရှိ၍ ချမ်းမြေ့အေးချမ်းဖွယ်ရာ ဖြစ်နေပေသည်။
သို့သော် ဗုဒ္ဓရုပ်ပွားတော်ရှေ့တွင် ရှိသော သင်းစံပယ်ချို၏ နှလုံးသည်းပွတ်ကမူ ကပ်ငြိစွဲနစ်နေသော တဏှာ၏ ပြင်းစွာ လောင်မြိုက်ခြင်းခံနေရ၍ တည်ငြိမ်ခြင်းဌာ မစွမ်းနိုင်ရှာ။ အမှန်စင်စစ်မူ သင်းစံပယ်ချိုသည် မလွတ်မြောက်သေးသူတစ်ယောက်ဖြစ်ပေသည်။ သင်းစံပယ်ချို၏ စိတ်ရင်းအမှန်မူကား သံသရာမှ လွတ်မြောက်ကြောင်းကို တွေးတော ကြံဆကာ ဘုရားရှင်တော် ရှေ့မှောက်တွင် ပုဆစ်တုပ်ထိုင်ကာ ကြည်ညိုပူဇော်နေခြင်း မဟုတ်။ ရှည်လျားသော သံသရာတစ်လျှောက်ဝယ် ချစ်ကြင်သူနှင့်သာ လက်တွဲရလိုပါကြောင်း တောင်းဆုသမှု ပြုနေခြင်းသာဖြစ်၏။
အလင်းတိုင်ကို ထွန်းညှိပူဇော်ထားရသော အကျိုးကျေးဇူးကြောင့်လည်း သူမ၏ ဆန္ဒတို့ ပြည့်ဝလိမ့်မည်ဟူ သင်းစံပယ်ချိုက ယုံကြည်လို့ထားသည်။