Part 2 (Unicode)
47 5 0
နံနက်ခင်း နေရောင်ခြည်ထွက်စပြုလာ၍ ပတ်ဝန်းကျင်တစ်ခွင်တွင် နွေးစပြုလာလေပြီ။ ညဉ့်အချိန်က ရွာသွန်းထားသော မိုးကြောင့် သစ်ကိုင်း ၊ သစ်ရွက်များတွင် ရေစက်များတွဲလဲခိုနေသည်။ တောင်လေတစ်ချက် တစ်ချက်တိုက်လိုက်တိုင်း သစ်ရွက်များပေါ်မှ ရေစက် ရေပေါက်များမှာ မြေပေါ်သို့ ခုန်ဆင်းသက်ကုန်၍ ပြန့်ကျဲသွားလေသည်။ ပူနွေးသောနေရောင်ခြည်ကြောင့် ရေစက်မှုန်မွှားများသည် လက်ကနဲပြိုးပြက်သွားသည်မှာ စိန်ပွင့်လေးများလိုပင်။
နေခြည်နုနုသည် မှန်ပြတင်းကို ဖြတ်၍ အခန်းထဲသို့ကျရောက်နေသည်။ သင်းစံပယ်ချိုသည် တစ်ညလုံး ခံစားထားရသော စိတ်ဒုက္ခကြောင့် အိပ်ရာမှ ထရန် ခေါင်းတစ်ခြမ်းလုံးအုံခဲနေသည်။ ကုတင်တစ်ဖက်ခြမ်းတွင်မူ ကျောပေးကာ အိပ်နေသော ကိုလင်းကျော်ထင်ကို တွေ့လိုက်ရသည်။ အရက်နံ့နှင့်အတူ ဣတ္ထိယဆန်သော အမွှေးနံတစ်မျိုးသည် သင်းစံပယ်ချို၏ နှာဝသို့ ကလူကျီဆယ်သလို ပျံ့လွင့်လို့လာသည်။ မည်သည့်အချိန်က ပြန်ရောက်နေမှန်းမသိသော်လည်း ထိုအမျိုးသားကို နှိုးပြီး မေးရန် သင်းစံပယ်ချို နှုတ်လေးနေသည်။
ထိုအမျိုးသား၏ နှုတ်မှ ဝန်ခံလာခြင်းကို သူမလက်မခံနိုင်သေး ၊ ယခုအချိန်တွင် သူမပို၍ ဂရုစိုက်ရပေမည်။ မျက်နှာသစ် ကိုယ်လက် သန့်စင်ပြီးနောက် အဝတ်လဲကာ မီးဖိုချောင်သို့ထွက်လာသည်။ အိမ်အကူအဖြစ်ခေါ်ထားသော ဒေါ်မွှေးနှင့် သမီးဖြစ်သူ ထွေးထွေးတို့မှာ အိပ်ရာမှ နိုးနှင့်ကာ ထမင်းအိုးတည် ၊ ရေနွေးကြိုနေကြပြီဖြစ်သည်။ သင်းစံပယ်ချိုမှာ ထွေးထွေးနှင့်အတူ ကော်ဖီဖျော် ၊ အသင့်ဝယ်ထားသော မုန့်များကို ထမင်းစားပွဲပေါ်တွင် ပြင်ဆင်ကာ ကိုလင်းကျော်ထင် မိဘများ ဘုရားဝတ်ပြုပြီး အိမ်အောက်ထပ်ဆင်းလာလျှင် အသင့်ဖြစ်စေရန် ပြင်ထားလိုက်သည်။
ပြီးနောက် ထွေးထွေးကို စျေးခြင်းတောင်းယူစေကာ ဆယ့်ငါးမိနစ်ခန့်လမ်းလျှောက်လျှင် ရောက်မည့်စျေးသို့ နှစ်ဦးအတူ ထွက်လာလိုက်သည်။ သင်းစံပယ်ချိုသည် ဘယ်လိုပင် အပျိုတုန်းက တစ်ဦးတည်းသော သမီးမို့ ခြေမွှေးမီးမလောင် ၊ လက်မွှေးမီးမလောင်နေစေခဲ့ကာမူ အိမ်ထောင်ဦးစီး လင်ယောကျာ်းဆိုသည့် အသိက ကိုလင်းကျော်ထင်ပေါ်တွင် စေတနာသက်ရောက်သည်။
You've reached the end of published parts.
⏰ Last updated: Jan 25, 2021 ⏰
Add this story to your Library to get notified about new parts!