ဘဲ့ဂျယ်ပြည် မြို့တော် အူဂျင်၏ မြို့လယ် ဆောင်ကြာမြိုင်တစ်ခုတွင်တော့ ဆောင်းညလယ်ကြီး ပူနွေးပြင်းရှသော အငွေ့အသက်များ တထောင်းထောင်းထလျက် ရှိ၏။
အထူးဧည့်သည်များကိုသာ ဧည့်ခံသော အခန်းကျယ်တွင် ဆယ်မျိုးထက်မနည်းသော ဟင်းလျာများနှင့် ကြွေအိုးတို့ကို အစီအရီချထားသည်။အခန်းထောင့်မှ မီးရောင်ဝါဝါကတော့ အခန်းထဲမှ လူသုံးယောက်၏ မျက်နှာအမူအရာများကို ကောင်းကောင်းမြင်နိုင်ရုံ ခပ်ပျပျ လင်းနေသည်။ခရမ်းရင့်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် လူငယ်လေးသည် ခေါင်းစခြေဆုံး ပန်းသွေးရောင်ဖြင့် တောက်ပနေသည့် မိန်းမပျိုလေးကို သေရည်ငှဲ့ပေးနေကာ စားပွဲ၏ တစ်ဖက်တွင်တော့ ခေါင်းဆောင်းဝတ်ရုံရှည်ဖြင့် မျက်နှာတစ်ဝက်ကို ဖုံးထားသည့် လူတစ်ယောက်က တည်ကြည်စွာဖြင့် ရေနွေးတစ်ခွက်ကို တမြေ့မြေ့သောက်လျက် တိတ်ဆိတ်နေလေသည်။
"နောက်တစ်အိုးလောက်။ဒီနေ့တော့ ဟီယွန်းလေးကို နှုတ်ဆက်ပြီးမှ ပြန်မယ်"
ဖြူဝင်းသော အသားအရေနှင့် တောင့်တင်းခိုင်မာစွာ ခန့်ညားသည့် လူငယ်လေးသည် သူ၏ ငယ်မူငယ်သွေးဖြင့် တောက်ပနေသော မျက်နှာလေးကို ပင့်ချီကာ ဘေးနားက မိန်းမလှလေးကို ရိသဲ့သဲ့ မေးငေါ့ပြနေလေသည်။မိန်းကလေးက ရှက်သယောင်ယောင် အမူအရာ လုပ်လိုက်ပြီး သူ့လက်ထဲက သေရည်ခွက်ကို ဆွဲကာ စားပွဲပေါ်ကို ပြန်ချလိုက်သည်။
"တော်ပါပြီ သခင်လေးရယ်"
သေရည်တန်ခိုးနှင့် ရီဝေနေသည့် မျက်လုံးများက မိန်းကလေးကို ထပ်၍ စူးစူးရဲရဲ ကြည့်လိုက်ပြီး ချစ်စဖွယ်ကောင်းစွာ ရယ်ပြလာသည်။
"ကျုပ်ကို နှင်ထုတ်ချင်နေတာပဲ ဟုတ်လား နှင်းပွင့်လေး။ဒါပေမယ့် ဘယ်လိုလုပ်မလဲ။ဒီနေ့တော့ ကျုပ်သိချင်တာကို မသိရရင် မပြန်ဘူး"
ပြောပြောဆိုဆိုဖြင့် သူသည် မိန်းမပျို၏ ဘေးတစ်စောင်းချထားသော ဆံနွယ်များကို လက်ဖြင့် မထိတထိကိုင်ကာ ဆော့ကစားလိုက်သည်။မိန်းမပျိုသည် မနေတတ်စွာဖြင့် ပါးများရဲလျက် မျက်နှာကို တစ်ဖက်သို့ စောင်းငဲ့သွားသည်။
YOU ARE READING
The Unfinished Diary of an Infamous Muse
Fanfictionနေနဲ့ လဟာ ဘယ်တော့မှ ဝေးကွာမသွားပါဘူး။အချစ်ကြီးရှာတဲ့ လမင်းငယ်က ရှောင်ပြေးနေတဲ့ နေမင်းကြီးရဲ့ ရင်ငွေ့နွေးနွေးနဲ့ ညတိုင်းကို အလှဆုံးဖြစ်အောင် ထွန်းပနေတာပဲလေ။ Written byးayechanmoe2012 Cover by JaeJoong Htike