မိနီ

333 18 0
                                    

ကျွန်တော်တို့ အိမ်ရဲ့ ညာဘက်ခြမ်းအိမ်မှာ မိနီလို့ခေါ်တဲ့ ကလေးမလေးတစ်ယောက်ရှိတယ် ။ မိနီလို့ခေါ်တယ်ဆိုတာကလည်း သူ့ကိုတစေ အနီရောင်နဲ့တွဲမြင်မိလို့ မိနီလို့ခေါ်လိုက်တာပါပဲ ။ သူ့နမည်အရင်းကတော့ မိနီမဟုတ် ။ မိနီများဖြစ်နေမလားတော့ ကျွန်တော်လည်း မပြောတတ်ပါ ။

မိနီငယ်ကလေးဟာ သိပ်ငြိမ်တဲ့ကလေးလို့ပြောလို့ရတယ် ။ မိနီကို စသတိထားမိတာ သူသုံးလေးနှစ်အရွယ်လောက်ကတည်းကပါပဲ။ ရေမိုးချိုးပြီးခါစ သနပ်ခါးအပြည့်လိမ်းထားတဲ့ မိနီဟာ အိမ်ရှေ့က သူ့အမေထုတ်ထားပေးတဲ့ ခုံနီနီလေးမှာ ငြိမ်ငြိမ်ထိုင်နေတတ်တယ်။ မိုးရွာတဲ့နေ့တွေမှာ မိနီက လမ်းမှာ ဘောလုံးကန်နေတဲ့ ချာတိတ်လေးတွေကို ကြည့်နေတတ်ပြီး နေပူတဲ့နေ့တွေမှာတော့ ပြေးဆော့တဲ့ ကလေးတွေကို ငေးနေတတ်ပြန်တယ် ။ ထူးခြားတာဆိုလို့ အိမ်တံခါးတစ်ဖက်က မိနီရဲ့ မျက်၀န်းတွေမှာ ၀မ်းနည်းစိတ်ကိုမမြင်ရတာပါပဲ ။ မိနီက သူ့လက်ထဲက 2002 လို့ ဗိုက်မှာ စာတမ်းရေးထားတဲ့ ၀က်ဝံရုပ်ကလေးကိုပိုက်ပြီး အပြင်ကိုငေးရင်းပျော်နေတတ်တဲ့ကလေးမျိုးပါပဲ ။ နောက်မှသိရတာက မိနီက ပြေးဆော့ရင်း ဒူးပြဲဖူးပြီးတဲ့နောက် ငြိမ်ငြိမ်ထိုင်ရတာကိုပဲ သဘောတွေ့နေရှာတယ်တဲ့ ။ တစ်ခါလဲဖူးရင် နောက်တစ်ခါမလဲဘူးလို့ပြောတော့ မိနီကပြန်ဖြေပါတယ် ။ အိမ်ရှေ့မှာ ဘောလုံးကန်နေတဲ့ ကိုကိုတွေက နေ့တိုင်းကိုပစ်လဲနေတာပဲတဲ့ ။

ဆယ်ကျော်သက်မိနီဟာ အရင်ကထက်ပိုဆူညံလာတယ် ။ တစ်အိမ်လုံး သူ့အသံချည်းလို့ပြောလို့ရတဲ့အခြေနေပါပဲ ။ အိမ်ရှေ့ကဖြတ်သွားသမျှကို နှုတ်ဆက်တတ်တဲ့ မိနီဖြစ်လာတယ် ။ ထိုင်ခုံနီနီလေးမှာ မိနီထိုင်တာ‌ကို မတွေ့ရတော့ပေမဲ့ အင်္ကျီနီနီလေးတွေကိုတော့ မိနီကိုယ်မှာမြင်ရတုန်းပါပဲ ။ မိနီမှာ ကျောင်းစတက်ကတည်းက တွဲမြင်ရတဲ့ ဝါဝါဆိုတဲ့ သူငယ်ချင်းမလေးရှိတယ် ။ အထက်တန်းမရောက်ခင်လောက်မှာပဲ ဝါဝါတစ်ယောက် မိနီဆီအရင်လိုလာနေတာကို မတွေ့ရတော့ပြန်ဘူး ။ မိနီရဲ့အသံတွေကတော့ တိတ်ဆိတ်ခြင်းအလျဉ်းမဲ့ပြီး အရင်လိုဆူဆူညံညံပါပဲ ။ တစ်ခါပြန်ကြားရ‌တာကတော့ ဝါဝါဟာ တခြားသူငယ်ချင်းတစ်ယောက်နဲ့ အငြင်းအခုံဖြစ်ခဲ့ကြပါသတဲ့ ။ အကျိုးရလဒ်ကတော့ မိနီဟာ ဝါဝါကို လန့်သွားတယ်ဆိုတာပါပဲ ။ တစ်ခြားသူငယ်ချင်းနဲ့ ဝါဝါရဲ့ပြဿနာဟာ မိနီနဲ့ ဘာဆိုင်တုန်းလို့‌မေးမိတော့ မိနီဟာ ဝါဝါ့အတွက်တော့ သူဟုလည်းသူငယ်ချင်းမလို့ ဒီလိုအခြေနေမျိုးသူ့မှာမရှိနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်သလဲတဲ့ ။

နှစ်ဆယ်ကျော်မိနီဆီမှာတော့ ငယ်ဘ၀ပုံရိပ်နဲ့ ဆယ်ကျော်သက်အပြောင်းအလဲတွေရောထွေးနေတယ် ။ ငြိမ်တဲ့ရက်တွေရှိသလို ဆူနေတဲ့အခါမျိုးလည်းရှိတယ် ။ ဘယ်ဟာက မိနီအစစ်လဲမေးလို့မရလောက်အောင် ၊ မေးဖို့မလိုလောက်အောင် ပုံစံတိုင်းဟာ မိနီဖြစ်နေခဲ့တာပါပဲ ။ မိနီစိုက်ပျိုးထားတဲ့ သစ်ရွက်က‌လေးဟာ လှုပ်ခတ်ခဲ့တယ်လို့ သတင်းကြားတယ် ။‌ အဲ့ဒီနောက်မှာ သတင်းတွေ အဆက်ပြတ်သွားတယ် ။ ပြန်တွေ့တော့ မိနီဟာ ငြိမ်ငြိမ်သက်သက်ကလေး ၊ တစ်ခါခါတော့ လှုပ်လှုပ်ခတ်ခတ်ကလေး ။ ထိုင်ခုံအနီမှာ မိနီမထိုင်တော့ဘူး ။ ဝါဝါဆိုတဲ့ ကလေးမနဲ့ တူတူမညံတော့ဘူး ။ အင်္ကျီနီနီလေးတွေကိုတော့ မိနီဟာ၀တ်တုန်းပါပဲ ။ လေတိုက်ခံရတဲ့ မိနီရဲ့ သစ်ရွက်ကလေးဘာဖြစ်သွားသလဲ ဘယ်သူမှမသိလိုက်ဘူး ။ မိနီမှာ သစ်ရွက်ကလေးရှိသေးလားဆိုတာလည်းမပြောနိုင်ကြဘူး ။ သစ်ပင်တွေဟာ မြေဆီလွှာရှိသမျှ ကာလလုံး အသစ်ပြန်စိုက်လို့ရကြောင်းပြောတော့ မိနီက လေစိမ်းတွေမဝှေ့ဘူးလို့တော့ အာမခံမပေးနိုင်ကြဘူးလေတဲ့ ။

ကျွန်တော်တို့ အိမ်ရဲ့ ညာဘက်ခြမ်းအိမ်မှာ မိနီလို့ခေါ်တဲ့ ကလေးမလေးတစ်ယောက်ရှိတယ် ။ မိနီလို့ခေါ်တယ်ဆိုတာကလည်း သူ့ကိုတစေ အနီရောင်နဲ့တွဲမြင်မိလို့ မိနီလို့ခေါ်လိုက်တာပါပဲ ။ သူ့နမည်အရင်းကတော့ မိနီမဟုတ် ။ မိနီများဖြစ်နေမလားတော့ ကျွန်တော်လည်း မပြောတတ်ပါ ။

-Zam-
7:57 p.m.
12nd Jan 2021

22Where stories live. Discover now